တပ်မတော်သားယောင်ဆောင်ပြီး ဖမ်းဆီးနှိပ်စက်တာတွေ တိုင်ကြားဖို့ထုတ်ပြန်
2019.02.27
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင့်တပ်မတော် AA အဖွဲ့ဟာ တပ်မတော်သားယောင်ဆောင်ပြီး ဒေသခံရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတဲ့အတွက် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေရှိရင် ရဲစခန်းတွေနဲ့ တိုင်းစစ်ဌာနချုပ်ကို တိုင်ကြားကြဖို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
တပ်မတော်သားယောင်ဆောင်ပြီး ဖမ်းဆီးနှိပ်စက်တာတွေ တိုင်ကြားဖို့ထုတ်ပြန်
(ကျော်လွင်ဦး)
■ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေအတွင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံတွေနဲ့ ကျောင်းသားတွေကို တပ်မတော်သားအယောင်ဆောင်ကာ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တုန်းက မြောက်ဦး-ကျောက်တော်ကားလမ်း အရှေ့ဘက်တောင်ကုန်းတွေမှာ ရက္ခိုင့်တပ်မတော်AA အဖွဲ့က လေ့ကျင်ရေးစခန်းနဲ့ စည်းရုံးရေးစခန်းကို တပ်မတော်က လုံခြုံရေးအရတိုက်ခိုက်သိမ်းပိုက်ရာမှာ လက်နက်တွေ၊ အသုံးအဆောင် ပစ္စည်းတွေအပြင် တပ်မတော်သုံး တံဆိပ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီလိုတပ်မတော်သုံး တံဆိပ်တွေအသုံးပြုကာ တပ်မတော်သားယောင်ဆောင်ကာ AA အဖွဲ့က ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတာကြောင့် တိုင်ကြားဖို့ သတင်းထုတ်ပြန်ထားတာလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
"'ဒါတွေကလည်း အရင်ကလုပ်ခဲ့တဲ့ သက်သေသာဓက အထောက်အထားတွေရှိတယ်။ ဒါတွေကို တပ်အယောင်ဆောင် လုပ်လာနိုင်တာတွေ ရှိတဲ့အတွက် ပြည်သူလူထုကို အသိပေးထားတယ်၊ တင်ပြထားတယ်။ အဲဒီလိုအကြောင်းအရာတွေ ပေါ်ပေါက်လာရင် သတင်းပေးနိုင်အောင် ပူးပေါင်းဆောင်ရွက်နိုင်အောင်"
AA အဖွဲ့ဟာ အရပ်သားတွေကို ဖမ်းဆီးရိုက်နှက်တွေ ပြုလုပ်နေတယ်ဆိုတဲ့ တပ်မတော်က စွပ်စွဲထားတာနဲ့ ပတ်သက်ပြီး RFA က ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းခဲ့ပါတယ်။
"လုံး၀ အဲဒီလိုအယောင်ဆောင်တာမျိုး မလုပ်ဘူး။ ကျွန်တော်တို့ရဲ့ စစ်ယူနီဖောင်းတွေနဲ့ ရှင်းရှင်းလင်းလင်းပဲလုပ်တာ။ ကျွန်တော်တို့က ဖမ်းဆီးတယ်ဆိုရင်လည်း တရားဝင်ကြေညာတယ်"
တပ်မတော်ကပြောသလို့ သူတို့အဖွဲ့စခန်းတွေကို တပ်မတော်က သိမ်းပိုက်တာဆိုတာလည်း မဟုတ်ကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက AA အဖွဲ့ကို တပ်မတော်က ခြုံခိုတိုက်ခိုက်တာကြောင့် တပ်သား ၃ ဦးကျဆုံးခဲ့ပြီး တပ်မတော်က အယောက် ၃၀ ကျဆုံးခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တုန်းက ကျောက်တော်မြို့က အသက် ၁၇ နှစ်အရွယ် ဆယ်တန်း ကျောင်းသား မောင်ဇော်နိုင်နိုင်ဌေးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နက်ခဲ့တယ်လို့ ရိုက်နက်ခံရသူ ဖခင် ဦးရွှေစိန်ဦးနဲ့ ဒေသခံတွေက ပြောကြပါတယ်။
တပ်မတော်ဘက်က စွပ်စွဲသလို ရက္ခို့င့်တပ်မတော်က တပ်မတော်သားအယောင်ဆောင်ကာ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေရှိတယ်ဆိုဟာ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့က ပြောကြပါတယ်။
ရခိုင်ပြည်နယ်နေရာအနှံ့မှာ တပ်မတော်စခန်းတွေရှိတာကြောင့် AAအဖွဲ့က အယောင်ဆောင်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို အကူညီပေးနေတဲ့ ကျောက်တော် ဒေသခံ ဦးဇော်ဝင်းက ပြောပါတယ်။
"အစိုးရစစ်တပ်တွေ နေရာအနှံ့မှာ ရှိနေတာကို ရခိုင်တပ်ဖွဲ့က အစိုးရတပ်ဖွဲ့စစ်ယူနီဖောင်းတွေဝတ်ပြီး လှုပ်ရှားတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ရခိုင်ပြည်သူတွေကို ရခိုင်စစ်တပ်က အဲဒီလိုလုပ်နေမယ်ဆိုတာ ဖြစ်နိုင်ခြေမရှိဘူးလေ။ ရခိုင်စစ်တပ်ကို ရခိုင်ပြည်သူတွေ တော်တော်များများက ထောက်ခံနေကြတာကို ကြည့်လိုက်ရင် ရခိုင်ပြည်သူတွေကို ရခိုင်စစ်တပ်က အနှောင့်အယှက်မပေးလို့ဆိုတာ ယူဆလို့ရတယ်လေ"
တပ်မတော်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေက ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ရိုက်နက်တာ၊ ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ ၁၀ တန်းကျောင်းသားကို ဖမ်းဆီးရိုက်နက်တာဟာ တပ်မတော်ကမဟုတ်ဘဲ AA အဖွဲ့က အယောင်ဆောင်ကာ ဖမ်းဆီးရိုက်နက်တာလို့ ပြောပါတယ်။
တပ်မတော်က ရွာသားတွေကိုကြိုး တုတ်ရိုက်နက်တာတွေပြုလုပ်ခဲ့တယ်လို့ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ရွာထဲက ထွက်လာတဲ့ အိုနာကျိုးကန်း သက်ကြီးရွယ်အိုက အစ ကန်ဘောင်ဘေးနားမှာ အကုန်လုံးပြားပြားဝပ်ပြီးတော့ သူတို့ကို ခေါင်းဖော်မကြည့်ရဘူး။ မှောက်ခိုင်းထားတယ်။ အဲဒီမှာကြိုးတုပ်ပြီး ရိုက်တာ နှက်တာတွေရှိတယ်"
တပ်မတော်သားအယောင်ဆောင်ကာ အကြောင်းမယ့်ဖမ်းဆီးရိုက်နက်တာတွေကို တိုင်ကြားနိုင်တယ်ဆိုတာကို ဒေသခံတွေက ကြိုဆိုပေမယ့် တပ်မတော်ကို တိုင်ကြားမယ်ဆို တရားစွဲဆိုတာတွေရှိတာကြောင့် ဘယ်သူမှတိုင်ကြားရဲမှာ မဟုတ်ဘူးလို့လည်းဒေသခံတွေက ပြောပါတယ်။
တပ်မတော်ဘက်ကတော့ ရက္ခိုင့်တပ်မတော် AAဟာ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့တွေကို ကျည်ပို့ခြိမ်းခြောက်တာတွေ၊ လမ်းမတွေပေါ်မှာ မိုင်းဆွဲတိုက်ခိုက်နေတာတွေရှိတာကြောင့် အယောင်ဆောင်တွေတေ့ွရှိပါက ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် မသင်္ကာတဲ့ ဒေသခံတွေကို အစိုးရတပ်ဘက်က ခေါ်ယူစစ်ဆေးတာတွေရှိနေတဲ့ အခြေအနေပါ။
ဒီတိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဒီနေ့အထိ သေဆုံးသူ ၃ ဦးရှိနေသလို လက်နက်ကျည်နဲ့ လက်လုပ်မိုင်းထိမှန်တာ၊ ရိုက်နှက်ခံရတာတွေကြောင့် ဆေးကုသမှုခံယူရသူဟာ ၁၃ ဦးထက်မနည်းရှိနေပြီး ထွက်ပြေးနေရသူ ၈ ထောင်ခန့်ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။