မိုင်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းမိတဲ့ တောင်ဦးရွာသူ လွတ်မြောက်သွား
2019.09.20
မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာက နေအိမ်တချို့ကို တပ်မတော်က ဝင်ရောက်စစ်ဆေးရာမှာ နေအိမ်တစ်လုံး အတွင်း လက်လုပ်မိုင်းတွေ တွေ့တာကြောင့် အိမ်ရှင်အမျိုးသမီးကို ဖမ်းဆီးပြီး တိမ်ညိုရဲတပ်ဖွဲ့ကို လွှဲပြောင်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာစဉ်လမ်းမှာ ရက္ခိုင့်တပ်တော် AA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံအမျိုးသမီး လွတ်မြောက်သွားခဲ့ပါတယ်။
တပ်မတော်က စက်တင်ဘာလ ၁၈ ရက်နေ့မှာ တောင်ဦးကျေးရွာအတွင်း ရောက်လာခဲ့တာဖြစ်ပြီး နှစ်ရက်ကြာကျေး ရွာအတွင်းက နေအိမ်တွေကို ဝင်ရောက်ရှာဖွေရာမှာ စက်တင်ဘာလ ၁၉ ရက်နေ့ မနေ့က နေအိမ်တစ်လုံးမှာ လက်လုပ်မိုင်း ၄ လုံးတွေ့ခဲ့တာပါ။
အဲဒီအိမ်မှာ အိမ်ရှင်အမျိုးသားမရှိဘဲ အမျိုးသမီးပဲရှိတယ်လို့ ရွာခံတွေကပြောပါတယ်။ တပ်မတော်က ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး အိမ်ရှင်အမျိုးသမီးကို ဖမ်းဆီးသွားတာလို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ရပ်မိဖ၊ ရွာမိဖတွေနဲ့ တပ်မ ၂၂ တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး ဝင်ရှာတဲ့အချိန်မှာ လက်လုပ်မိုင်း လေးလုံးတွေ့ပါတယ်။ တပ်ကနေပြီးရင် တိမ်ညိုရဲစခန်းကို ဆက်သွယ်ပြီး ပြစ်မှုဆိုင်ရာအရ အပ်နှံလိုက်တယ်။ အိမ်ရှင်မကိုပဲ ဖမ်းသွားတယ်။ အိမ်ရှင်ကတော့ မရှိဘူး။ အိမ်ရှင်မပြောကြားချက်အရတော့ စစ်တွေမှာ သူ့သမီးဆီသွားတယ်လို့ ပြောတယ်။”
လုံခြုံရေးအခြေအနေအရ သူ့အမည်ကို ထုတ်ဖော်မပြောတာပါ။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ မြောက်ဦးမြို့နယ် ဘူးရွက်မညိုးကျေးရွာက ဖြစ်ပြီး ခင်ပွန်းဖြစ်သူရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ တောင်ဦးကျေးရွာမှာ အခြေချနေထိုင်နေတာဖြစ်ပါတယ်။
ဖမ်းဆီးခံအမျိုးသမီးကို တိမ်ညိုကျေးရွာရဲစခန်းကိုခေါ်ဆောင်လာစဉ် တောင်ဦးရွာနဲ့ တိမ်ညိုရွာကြားက လင်းမြွေတောင်အရောက်မှာ ရက္ခိုင့်တပ်တော် AA က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း ဖမ်းဆီးခဲ့တဲ့ အမျိုးသမီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
“တရားခံကို ခေါ်လာတဲ့ ရဲတပ်ဖွဲ့ကို ပစ်တဲ့အခါ ရဲနဲ့ သူပစ်ကိုယ်ပစ် ပစ်ပြီး တရားခံက ထွက်ပြေးသွားတယ်လို့ ကျနော်တို့ သိရတယ်။ မိုင်းတွေဘာတွေ သူ့အိမ်က မိပြီး မိုင်းလိုက်ထောင်နေတဲ့ အမျိုးသမီးလို့ ကျနော်တို့ အကြမ်းဖျဉ်း သိရတယ်။ အရင်က ယောကျာ်းတို့ဘာတို့ပဲ ဒါမျိုးလုပ်တယ်ထင်တာ။ အခုဟာမဟုတ်ဘူး။ အမျိုးသမီးတွေက ငွေကြေးရလို့လား ဒါမှမဟုတ်ရင် ဘယ်လိုလဲ ဒါကတော့ ကျနော်တို့ စီစစ်နေဆဲပဲ ရှိသေးတယ်။”
တောင်ဦးကျေးရွာမှာ အိမ်ခြေ ၃၄၀ ကျော်နဲ့ လူဦးရေ ၁၉၀၀ ခန့်ရှိပါတယ်။ တပ်မတော်ဘက်က AA ဟာ တိုက်ပွဲတွေအတွင်း ဒေသခံအမျိုးသမီးတွေကို အသုံးပြုပြီး မိုင်းဖောက်ခွဲတာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ ယူဆချက်တွေ ရှိနေပါတယ်။
ရခိုင်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခပြောတာက ဖမ်းဆီးခံအမျိုးသမီးဟာ သာမာန် ဒေသခံတစ်ဦး သာဖြစ်ပြီး AA အနေနဲ့ ကာကွယ်ပေးရမယ့် တာဝန်ရှိတာကြောင့် ကယ်ထုတ်ခဲ့တာလို့ ပြောပါတယ်။
AA အနေနဲ့ ဒေသခံတွေကို အသုံးပြုပြီး မိုင်းဖောက်ခွဲတာမျိုး မရှိဘူးလို့လည်း သူကပြောပါတယ်။
ဒါ့အပြင် မနေ့ည ၁၂ နာရီခန့်က ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်နဲ့ ဥယျာဉ်သာကျေးရွာတွေမှာ တပ်မတော်က ယာယီအခြေချထားတဲ့ နေရာတွေကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ တပ်မတော် ဘက်က ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဥယျာဉ်သာရွာမှာ တပ်မတော်ရဲ့ လက်နက်ကြီးစခန်းရှိပြီး အဲဒီကနေလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အခုလို ဆောင်ရွက်တာလို့ ပြောပါတယ်။
“ဗမာစစ်တပ်က ဥယျာဉ်သာရွာကနေပြီးတော့ လက်နက်ကြီးတွေနဲ့ နေပြီးမှ မဆင်မခြင်ရမ်းကားပစ်ခတ်မှုတွေ လုပ်ခဲ့တာက လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ထဲက သူတို့လုပ်နေတာ။ နေ့စဉ်ရက်ဆက် မဆင်မခြင် ရမ်းကား ပစ်ခတ်မှုတွေလုပ်နေတဲ့အတွက် ကျနော်တို့က ည၁၁ နာရီ ၄၅ ကနေ ည ၂ နာရီလောက်အထိ ကျနော်တို့ သွားရောက်ပြီး သတိပေးပစ်ခတ်မှုတွေလုပ်ခဲ့တာရှိတယ်။”
မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မနေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေအတွင်း ရဲတပ်ဖွဲ့နဲ့ တပ်မတော်ဘက်က ကျဆုံးတာမရှိဘူးလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
AA ပြောခွင့်ရသူ ခိုင်သုခက ဥယျာဉ်သာရွာပစ်ခတ်မှုအတွင်း AA ဘက်က နှစ်ဦးဒဏ်ရာရပြီး တပ်မတော်ဘက် အကျအဆုံးရှိတယ်လို့ ပြောပါတယ်။
ဒီနေ့မှာ AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ဒီဇင်ဘာလကုန်အထိ အပစ်ရပ်စဲမှုကို သက်တမ်း တိုးလိုက်ကြောင်း ကြေညာလိုက်ပါတယ်။
တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေဟာ နေရာဒေသအသီးသီးအလိုက် အပစ်ရပ်ထားတာတွေ ရှိနေပေမယ့် ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်အတွင်းက မင်းပြား၊ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲတွေက ဖြစ်နေဆဲပါ။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ တပ်မတော်နဲ့ AA တို့ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိရှိနေသလို ထိခိုက်ဒဏ်ရာရ သူတွေကတော့ လူပေါင်း ၁၂၀ ကျော်လောက်အထိရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်။
(RFA သတင်းထောက် ဝေမာထွန်းပေးပို့သည်။)