ရခိုင်ပြည်နယ်က လတ်တလော တိုက်ပွဲများ


2019.07.31
govt-army-622.jpg ရခိုင်ပြည်နယ်အတွင်းက မြန်မာ့တပ်မတော်သားတစ်ဦးကို တွေ့ရစဉ်
Photo: STR / AFP

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဇူလိုင်လ ၃ဝ နဲ့ ၃၁ ရက်နေ့က မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်ဘက် ၁၃ ဦးကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာအများအပြားရခဲ့တယ်လို့ AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

“ ၃ဝ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဘူးသီးတောင်က အင်အား ၇ဝ လောက်ရှိတဲ့ ဗမာစစ်ကြောင်း တခုကို ကျနော်တို့ AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိတယ်။ ရန်သူဘက်က ထိခိုက်ဒဏ်ရာ အများအပြားရတယ်။ နောက် ၉ နာရီ ၁၅ မိနစ်မှာ ကျောက်တော်က လိုင်းမားရွာနဲ့ စိန်ခြုံရွာကြားက အင်အား ၂၅ဝ လောက်ရှိတဲ့ ဗမာစစ်ကြောင်းကို ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဗမာစစ်တပ် ဘက်က ၅ ဦးကျတယ်။ နောက် နေ့လည် ၁ နာရီ ၁၅ မိနစ်မှာ မြောက်ဦးမှာတိုက်ပွဲဖြစ်တယ်။ နောက် နေ့လည် ၂ နာရီခွဲမှာ ရသေ့တောင် ကုလားချောင်းရွာနဲ့ မကျည်းချောင်းရွာမှာ အင်အား ၈ဝ ရှိတဲ့ ဗမာစစ်တပ်ကို ကျနော်တို့ တိုက်ခိုက်ခဲ့တာ မိနစ်အနည်းငယ်ပဲ ကြာတယ်ဆိုပေမယ့် ဗမာစစ်တပ်ဘက်က ငါးဦးကျတယ်။ အဲဒီ ဇူလိုင် ၃ဝ နေ့ မှာပဲ ပလက်ဝဘက်မှာ ကျနော်တို့ AA ရခိုင့်တပ်တော်ကို ထိုးစစ်ဆင်ဖို့လုပ်နေတဲ့ ဗမာစစ်ကြောင်းကို ကျနော်တို့ စနိုက်ပါသမားတွေက သွားရောက်ပစ်ခတ်ခဲ့တယ်။ အဲဒီမှာ ဗမာတပ်က သုံးယောက်ကျတယ်။ ဇူလိုင် ၃၁ ရက်နေ့မှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ အကျအဆုံးစာရင်းတော့ မသိရသေးဘူး”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဒီတိုက်ပွဲတွေနဲ့ အကျအဆုံးစာရင်းတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုပါတယ်။ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်တာမရှိဘဲ ၃ဝ ရက်နေ့ကတော့ တိုက်ပွဲအနည်းငယ်ရှိခဲ့ပြီး အကျအဆုံးလည်း မရှိခဲ့ကြောင်း RFA ကို အခုလိုပြောပါတယ်။

“ ၃ဝ ရက်နေ့ကတော့ ဘူးသီးတောင်ရဲ့အရှေ့တောင်ဘက် ကန်ပြင်ဥယျာဉ်သာပေါ့။ အဲဒီ့ရဲ့အရှေ့ဘက်မှာဖြစ်တာ အခြားနေရာတွေဖြစ်တာတော့မရှိပါဘူး။ အကျအဆုံးလည်း မရှိပါဘူး။ အနည်းအကျဉ်းတော့ ဒဏ်ရာရပါတယ်။ တယောက်စ နှစ်ယောက်စပဲ သူတို့စနိုက်ပါနဲ့ကတော့ ပစ်ကောင်းပစ်နိုင်တယ် ဘယ်သူမှမထိဘူး”

ဇူလိုင် ၃၁ ရက်နေ့ကလည်း ကျောက်တော်ရဲ့မြောက်ဘက်နားမှာ မိနစ် ၃ဝ ကြာဖြစ်ပွားခဲ့တာရှိပြီး မြန်မာ့တပ်မတော်ဘက်က အကျအဆုံးမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ ခုလိုတိုက်ပွဲတွေဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက …

“ ကန်ပြင်တို့ စပါးထတို့ ရွှေတောင်တို့ဆိုတာက နှစ်ရက် တခါ  အဲ့နားဖြစ်နေတာ။ အဲ့နားက ရခိုင်ရွာတွေများတယ်။ သူတို့က အဲဒီရွာကို အခြေခံပြီးသွားနေတာဆိုတော့ ပိုဆိုးတာက အခုက မိုးတွင်းဆိုတော့ သူတို့တောထဲမှာ ကြာကြာမနေနိုင်ဘူး။ ကျန်တဲ့ရာသီဆိုရင် ရွာသားတွေက သူတို့ကို ဆန်တွေဘာတွေပို့တာ အဆင်ပြေတယ်။ အခုမိုးတွင်းကာလ ရွာသားတွေက ဆန်ပို့ဖို့ ဘယ်လိုမှအဆင်မပြေတော့ သူတို့ကရွာရဲ့ပတ်ချာလည် ရွာကို အခြေခံပြီးနေတာဖြစ်တော့ တိုက်ပွဲတွေကဖြစ်နေမှာပဲ”

AA ပြောခွင့်ရသူ ခိုင်သုခကတော့ မြန်မာစစ်တပ်ဟာ ၃ဝ ရက်နေ့က မနက် ၁ဝ နာရီလောက်က စတင်ပြီး ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာမှာ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲအတုဖန်တီးပြီး ဒေသခံရွာသားတွေကို အကြောက်တရားတွေ လွှမ်းမိုးအောင် လုပ်ဆောင်ခဲ့တယ်လို့် ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အဲဒီနေရာမှာ AA အဖွဲ့ရဲ့ စခန်း သုံးခုကို ထောက်လှမ်းစုံစမ်းတွေ့ရှိရတာကြောင့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ တိုက်ပွဲအတုဖန်တီးခဲ့တယ်ဆိုတာ မဟုတ်မမှန်ကြောင်း ငြင်းဆိုပါတယ်။

(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။