ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်းကို ထပ်မံအရေးယူမှာလား

ခင်မောင်စိုး
2020.09.09

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို  ရာထူးက ဖယ်ရှားဖို့ ပြည်နယ်လွှတ်တော်ကို တိုင်ကြားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူ့ကို ငွေကြေးအလွဲသုံးစားမှုအတွက် အရေးယူဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ထပ်မံတိုင်ကြားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရာထူးကနေဖယ်ရှားခြင်း ခံရပေမယ့် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ မဲစဲ့မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက်တည်ရှိနေပြီး လာမယ့်ရွေးကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးမှုတွေကို စတင်နေပြီ ဖြစ်ပြီး တအိမ်တက်ဆင်း သွားရောက်မှာ ဖြစ်တယ်လို့ ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။

“လက်ရှိအောင်နိုင်ရေး အတွက်ကို ဆောင်ရွက်ရမှာ ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေအားလုံးရဲ့ တာဝန်ပဲလေ။ ဒါကလည်း  ကိုယ်စားလှယ်လောင်းတွေအားလုံးရဲ့ နိုင်ငံရဲ့ ပိုမိုကောင်းမွန်တဲ့စနစ် ပေါ်ပေါက်ဖို့၊ အနိုင်ရရှိဖို့အတွက် ဒါစည်းရုံးရေးကာလမှာ ပါတီရဲ့ မူဝါဒပိုင်း စည်းရုံးနေတယ်။ အဲဒီ ဝိုင်းလုပ်နေတဲ့ကာလမှာ Covid 19 ဖြစ်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ  ကြိုးစားဆောင်ရွက်နေတယ်။ ကျနော်တို့  တအိမ်တက်ဆင်းသွားပြီး စည်းရုံးနိုင်တဲ့ အနေအထားတွေရောက်အောင် ကြိုးစားပြီး လုပ်သွားမယ်”

သူ့ကိုတိုင်ကြားရာမှာ ပါဝင်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ ဖရူဆိုမြို့နယ်က ကိုယ်စားလှယ် ဦးသဲရယ်ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းကို ရာထူးက ထုတ်ပယ်ခဲ့ပြီးဖြစ်ပေမယ့် ငွေကြေးအလွဲသုံးစားမှုတွေအတွက် ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ အရေးယူဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို သူတို့ ထပ်မံ တိုင်ကြားဖို့ ဆွေးနွေးနေဆဲပဲလို့ RFA ကို မနေ့ညက ပြောပါတယ်။

“ဦးဇော်ဌေးကိုယ်တိုင်လည်း ပြောခဲ့ပါတယ်။ ဥပမာ- ဦးဝင်းထိန်သမီး  မင်္ဂလာဆောင်အတွက် လက်ဖွဲ့တာတို့ ပါတီအတွက် သုံးတာတို့ ဆိုရင် ပြည်သူ့ဘဏ္ဍာငွေထဲက သုံးလို့ မရပါဘူးဆိုတာကို အဲဒီ စာရင်းစစ်အစီရင်ခံစာမှာလည်း  အဲဒီအချက်အလက်တွေ ပါလာတယ်။ ဆိုတော့ အရင်ကဆိုရင် ကျနော်တို့ တိုင်စရာတောင်မလိုဘူး။ ဒီလိုဖြစ်တာကို အရေးယူရမယ်ဆိုတဲ့ဟာက သူ့ဟာသူ လုပ်ရမဲ့ကိစ္စဖြစ်နေတယ်။ ကျနော်တို့က စွပ်စွဲပြစ်တင်ပြီး မဲခွဲဆုံးဖြတ်ပြီး နိုင်ငံတော်သမ္မတဆီ သေသေချာချာပို့ပြီး သူ့ကို ရာထူးကနေ ရပ်နားလိုက်တာကတော့ တပိုင်းပေါ့လေ။ ဒါပေမယ့်  အလွဲသုံးစားလုပ်တဲ့ ငွေရေးကြေးရေးပေါ်မှာ အဂတိကော်မရှင်ကိုလည်း ကျနော်တို့  ၂ ကြိမ်တိုင်တိုင် တိုင်ခဲ့ပြီးပြီပေါ့နော်။ ဒါပေမဲ့ အဂတိကော်မရှင်ကလည်း  အရေးယူဆောင်ရွက်တာ  မရှိဘူး။ ဒါပေမဲ့ ကျနော်တို့က တင်ထားပြီးသားဆိုတော့  နောက်ဆုံးအနေနဲ့ ထပ်တင်ဖို့ လိုလား မလိုလားဆိုတာ စဉ်းစားနေတုန်းပေါ့လေ”

NLD ပါတီရဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးအောင်နိုင်ဦး ကသူ့အနေနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အရေးယူဖို့ တိုင်ကြားခဲ့သူတွေထဲမှာ ပါဝင်ခဲ့ခြင်း မရှိပေမယ့် ပြည်နယ်လွှတ်တော်နဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ဆုံးဖြတ်အရေးယူမှုတွေကိုတော့ ထောက်ခံတယ်လို့ ပြောပါတယ်။

“ဒီကယားပြည်နယ်မှာ  ဘုရားတည်မယ့်ကိစ္စတောင်မှ ပြည်သူတွေက ဒီနေရာမှာ  ဗုဒ္ဓဥယျာဉ်မတည်ရဘူးလို့ ဆန္ဒပြခဲ့ကြလို့။ အဲဒီနေရာမှာ ဘုရားမတည်ဖြစ်ဘဲ ဗုဒ္ဓဥယျာဉ်ကို ဟိုးဘက် ရွှေ့လိုက်တယ်။ နောက်တခါ ဒုတိယ မြေငှားဘာငှားလုပ်တယ် ပြည်သူက မကြိုက်ဘူး။ ပြည်သူက ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ဆိုရင်တော့ ပြည်သူ့အသံ နားထောင်ရမှာပဲ။  ပြည်သူကို မျက်နှာမူရမယ်လေ ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မှ မရတာကိုး၊ ပြည်သူက မကြိုက်ပါဘူးဆိုတာ ဆက်လုပ်နေရင် လုပ်တဲ့သူက အမှားပေါ့ ၊ ဒါတွေကို သူတို့က အစိုးရအဖွဲ့အနေနဲ့ ဆက်လုပ်ခဲ့တယ်။ ဒီကိစ္စမှာ  လွှတ်တော်ဆုံးဖြတ်ချက် နဲ့ သမ္မတ ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်”


ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကတော့ သူ့ကို ငွေကြေးအလွဲသုံးစားပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မမှန်ကြောင်းနဲ့ ငွေကြေးသုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး ပြည်နယ်စာရင်းစစ်အဖွဲ့ရဲ့ တင်ပြချက်တွေကို လွန်ခဲ့တဲ့ ၂ နှစ်ကပင် လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်ကြောင်းနဲ့ အခုလို အရေးယူခံရတာဟာ သူ့ကို နောက်ကျောထားနဲ့ ထိုးခြင်းမျှဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ သူ့ကိုထောက်ခံသူတွေက အခုလို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရမှုအတွက် ဝမ်းနည်းကြောင်း ပြောဆိုနေချိန်မှာ ဝေဖန်သူတချို့ကတော့ ဦးအယ်လ်ဖောင်းရှိုကို တနင်္သာရီတိုင်းက ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်လို ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ ဆက်လက်အရေးယူမှာလားဆိုတာ စောင့်ကြည့်ရမှာပဲလို့ ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။