မန္တလေးက အာဏာသိမ်းမှုဆန့်ကျင်သူ ၂၁ ဦးကို ထောင်သုံးနှစ်ချ

2022.09.03
မန္တလေးက အာဏာသိမ်းမှုဆန့်ကျင်သူ ၂၁ ဦးကို ထောင်သုံးနှစ်ချ မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မန္တလေးသပိတ်အင်အားစု ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

မန္တလေးမြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်လှုပ်ရှားသူ ၂၁ ဦးကို အိုးဘိုထောင်တွင်း တရား ရုံးနဲ့ ပြည်ကြီးတံခွန် တရားရုံးတွေကနေ စက်တင်ဘာ ၁ ရက်နေ့က ထောင် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အခု ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့သူတွေကို စစ်တပ်က ဒီနှစ် ဧပြီလ၊ မေလနဲ့ ဇွန်လ တွေမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာလို့ မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင်တွေက ပြောပါတယ်။

"မန္တလေးသပိတ်အင်အားစု အယောက် ၁၀၀ နီးပါးကို ဖမ်းဆီးခံထားရတယ်"

စစ်ကောင်စီ ဖမ်းဆီးထားတဲ့ မန္တလေးသပိတ်အင်အားစု ၁၀၀ နီးပါးရှိပြီး အဲဒီထဲက ၂၁ ဦး ထောင်သုံးနှစ်စီ အမိန့်ချမှတ်ခဲ့တာလို့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ကိုပိုင်နွေဦးက ပြောပါတယ်။

"မန္တလေးသပိတ်အင်အားစု အယောက် ၁၀၀ နီးပါးကို ဖမ်းဆီးခံထားရတယ်။ ဖမ်းဆီး ခံထားရတဲ့အထဲက ၂ဝ ကျော်က အမိန့်ချလိုက်ပြီ၊ ကျန်တဲ့လူတွေက အမှုရင်ဆိုင်ဆဲပဲ၊ ပြည်သူလူထုကို အကြောက်တရားကလည်း ပြချင်တယ်၊ ငါတို့ကို လက်မခံလို့ရှိရင်၊ ငါတို့ကို မကြိုက်ရင် ငါတို့ကို ဆန့်ကျင်ရင် ဒီလို ထောင်ချ လိုက်မယ်ဆိုတဲ့သေဘာပေါ့၊ ဒါပေမဲ့ လူကိုပဲ ထောင်ချရင် ချလို့ရမယ်၊ ရဲဘော်တွေရဲ့ တော်လှန်ချင်တဲ့ စိတ်ကို တော့ အကျဉ်းချထားလို့ရမှာ မဟုတ်ဘူးဗျ"

အခု ထောင်ဒဏ်ချမှတ်ခံလိုက်ရသူတွေထဲမှာ ကျောင်းသား၊ ဆရာ၊ ဆရာမနဲ့ သာမန် အရပ်သားတွေ ပါဝင်တယ်လို့ သူက ဆိုပါတယ်။

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်တွေဖြစ်တဲ့ မဂျာဆိုင်းအောင်၊ ကိုကျော်စိုးမိုး၊ ကိုဟိန်းမင်းဇော် ၊ မန္တလေးပညာရေး ဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်) အဖွဲ့ဝင် ကိုအောင်နိုင်သူ တို့ကို အိုးဘိုထောင်တွင်း တရားရုံးမှာ အမိန့် ချမှတ်ခဲ့ပြီး ကျန်တဲ့ ၁၇ ဦးကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ အမိန့်ချမှတ်ခဲ့တာပါ။

စစ်ကောင်စီဟာ အာဏာသိမ်းမှုဆန့်ကျင်သူမှန်သမျှကို ရန်သူလို့သတ်မှတ်ပြီး နှိပ်ကွပ်နေ တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဆရာတော်အရှင်ဓမ္မမီတက မိန့်ပါတယ်။

"သူတို့ကတော့ သူတို့ကိုဆန့်ကျင်တော်လှန်သူမှန်သမျှကို ကြောက်တာပဲ၊ ဒီကနေ့ များ များတော်လှန်ရင် များများကြောက်တာပဲ၊ နည်းနည်းတော်လှန်ရင် နည်းနည်းကြောက် တာပဲ၊ ဒီအကြောက်တရားအပေါ်မှာ အခြေခံပြီးတော့ ဒီကနေ့ သက်သေမခေါ်ဘဲနဲ့ အမိန့်ချတာတွေ ဒါမျိုးတွေ ကြုံတွေ့နေရတယ်ပေါ့၊ ဥပဒေစည်းကမ်းအတိုင်းဆိုရင် ဒါတွေက မဖြစ်သင့်ဘူးပေါ့၊ မဖြစ်ထိုက်ဘူးပေါ့၊ ဒါပေမဲ့ ဒီကနေ့ဟာ မြန်မာပြည် မှာ ဥပဒေက မရှိတော့ဘူးဆိုတော့ မြင်မြင်သမျှကို ရန်သူလို သူတို့က သတ်မှတ်လာတယ်"

နိုင်ငံတည်ငြိမ်အေးချမ်းနေတယ်လို့ နိုင်ငံတကာကို လှည့်ဖြားဖို့အတွက် အခုလို ဆန္ဒပြသူ တွေကို ဖမ်းဆီးထောင်ချနေတာလို့ ဆရာတော်က မိန့်ပါတယ်။

mandalar-strike.jpeg
မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က မန္တလေးသပိတ်အင်အားစု ဆန္ဒပြခဲ့ကြစဉ် (Photo: CJ)

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဖမ်းဆီးခံရသူတွေကို အမှုကနေ လွှတ်ပေးတာမျိုး မတွေ့ခဲ့ရသလို အမိန့်ချတဲ့အခါမှာလည်း အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်လာတာ တွေ့ရ တယ်လို့ ဥပဒေအကြံပေး ရှေ့နေတစ်ဦးက ပြောပါတယ်။


"နိုင်ငံရေးနဲ့နွှယ်တဲ့ ပုဒ်မတွေမှာ တရားရုံးတွေကနေ ပြစ်မှုထင်ရှားခြင်းမရှိလို့ လွှတ် လိုက်တာ ကျနော်တို့ ဒီဘက်မှာ မတွေ့ဖူးသေးဘူး။ တရားခံကနေမှ စွဲဆိုထားတဲ့ ပြစ်မှု ဟာ စွဲဆိုထားတဲ့အတိုင်း၊ တရားလိုဘက်က ခိုင်ခိုင်လုံလုံ သက်သေမပြနိုင်ဘူး၊ ထင်ထင် ရှားရှား ပေါ်ပေါက်ခြင်း မရှိဘူး။ ဒါကြောင့် သက်ဆိုင်ရာ စွပ်စွဲခံရတဲ့ တရားခံကို အမှု ကနေ တရားသေလွှတ်လိုက်ပါတယ်၊ အပြီးသတ် စီရင်ချက်ချလိုက်တာမျိုး ကျနော် မတွေ့ဖူးဘူး"

လက်ရှိ နိုင်ငံရေးအရ ဖမ်းဆီးခံရသူတွေဟာ ပထမသတင်းပေးတိုင်ချက်မရှိသလို သက်ဆိုင်ရာနယ်မြေရဲစခန်းကတောင် မသိဘဲ ဖမ်းဆီးခံနေရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတစ်ဝန်းက ပြည်သူ ၁၂,၂၂၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အဲ့ဒီထဲက ၁,၄၂၇ ဦးကို ထောင်ဒဏ်ချမှတ်ထားတယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုကို ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ပစ်မှတ်ထားဖမ်ဆီးမှုတွေကြားကပဲ သံဃသမဂ္ဂ သပိတ်စစ် ကြောင်း၊ အမျိုးသမီး သပိတ်စစ်ကြောင်း၊ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း၊ ရတနာပုံကျောင်းသားများ သမဂ္ဂသပိတ်စစ်ကြောင်း၊ အဖမ်းဆီးခံ ပြည်သူများ သပိတ်စစ်ကြောင်းတွေနဲ့ ဒီကနေ့အထိ ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။