၂ဝ၂၂ခုနှစ်ကို ဗေဒင်ပညာရှင်အချို့ အကောင်းမြင်
2022.01.03

၂ဝ၂၂ ခုနှစ်အတွင်း ဒီမိုကရေစီပြန်လည်ရရှိရေးလှုပ်ရှားမှုတွေ ပိုမိုအားကောင်းလာပြီး တိုးတက် အောင်မြင်မှုတွေ ထင်ထင်ရှားရှား ရရှိမှာဖြစ်တယ်။ အာဏာရှင်စနစ် ပျောက်ကွယ်သွားမယ့် အလားအလာတွေကို မြင်တွေ့ရမှာဖြစ်တယ်လို့ NUG ခေါင်းဆောင်တွေနဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူတွေက ပြောဆိုနေကြချိန်မှာပဲ ဆရာတော်သံဃာတော်တွေနဲ့ ဗေဒင်နက္ခတ်ပညာရှင်တွေကလည်း အခုနှစ်အတွင်း ပြည်သူတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ လူမှုဘဝတွေကို ရရှိခံစားနိုင်ကြလိမ့်မယ်လို့ နှစ်ဆန်းကာလမှာ ထုတ်ဖော် ဟောပြောမိန့်ကြားနေကြပါတယ်။
မန္တလေးက နာမည်ကျော် အရှင်ပညိဿရာလင်္ကာရ ဆရာတော်က ပြည်သူတွေဟာ မြတ်စွာဘုရား ဟောကြားချက်နဲ့ အညီ ကျင့်ကြံ အားထုတ်နေကြတဲ့အတွက် အောင်မြင်မှုတွေကို ရရှိခံစားနိုင်ကြမှာ ဧကန်ပါပဲလို့ RFA ကို မိန့်ကြားပါတယ်။
ရန်ကုန်တိုင်းမှာ နေထိုင်တဲ့ ဆရာမ ဒေါ်သီရိကလည်း သူတို့ ဗေဒင်နက္ခတ်ပညာရှင်တွေ တွက်ချက်မှုအရ ဧပြီလလောက်မှာ ထင်ရှားတဲ့ တိုးတက် ပြောင်းလဲမှုတွေကို ပြည်သူတွေ မြင်တွေ့ရလိမ့်မယ်လို့ ဟောပြောပါတယ်။
မန္တလေးမြို့မှာရှိတဲ့ ဗေဒင်နက္ခတ်ပညာရှင် ဆရာ သုခအောင် ကတော့ ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းပြီး မကြာခင်လပိုင်းအတွင်း မြန်မာပြည်မှာ အစိုးရ နှစ်ရပ်နဲ့ စစ်တပ် နှစ်ခု ပေါ်ပေါက်လာမယ်လို့ ဟောကိန်းထုတ်ခဲ့သူပါ။ သူက ဒီနှစ်အတွင်း ပြည်သူတွေရဲ့ ဇာတာဟာ မတ်လကုန်လောက်မှာ စတင်တိုးတက်ပြီး ဧပြီလမှာ ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ဟောကြားပါတယ်။
ဒီအတောအတွင်း ထုတ်ဝေတဲ့ မြန်မာသက္ကရာဇ် ၁၃၈၄ အတွက် မန္တလေး မဟာသင်္ကြန်စာမှာတော့ ဒီနှစ်အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အရာရှိတွေ နေရာအရွှေ့အပြောင်း၊ ရာထူး အပြောင်းအလဲတွေရှိမယ်၊ ထင်ရှားသော အမျိုးသမီးတွေ ဘေးဒုက္ခကြုံမယ်၊ ပြည်သူလူထုအနေနဲ့တော့ တိုးတက်ပြောင်းလဲမှုတွေကို ကြုံတွေ့ကြရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။