မြန်မာ့အရေး အမေရိကန်သမ္မတဆီ စာရေးခဲ့တဲ့ ၁ဝ နှစ်သမီး ချင်းတိုင်းရင်းသူ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2021.11.09
မြန်မာ့အရေး အမေရိကန်သမ္မတဆီ စာရေးခဲ့တဲ့ ၁ဝ နှစ်သမီး ချင်းတိုင်းရင်းသူ ၁၀ နှစ်သမီး ချင်းတိုင်းရင်းသူလေး ဒေါရိယက်ထံ အမေရိကန်သမ္မတအိမ်ဖြူတော်က စာလက်ခံရရှိကြောင်း ပြန်ကြားသော အကြောင်းပြန်စာ။
Photo: Esther Wa

သမ္မတကြီးရှင့်

ကျမနာမည်က ဒေါရိယက် ဖြစ်ပါတယ်။ ကျမရဲ့ မိဘတွေက မြန်မာနိုင်ငံကပါ။ အခုကျမတို့ရဲ့ မြန်မာပြည်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်တပ်က အာဏာသိမ်းထားပြီး လူပေါင်းများစွာကိုလည်း ဖမ်းဆီးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဖမ်းဆီးထားတာပါ။ စစ်တပ်က လူပေါင်းများစွာကို သတ်ဖြတ်နေတာ အရမ်းကြေကွဲစရာ ကောင်းပါတယ်။ အမေရိကန် သမ္မတကြီး အနေနဲ့ ဒီလုပ်ရပ်တွေကို ရပ်တန့်သွားအောင် လုပ်ပေးဖို့ ကျမတောင်းဆိုပါတယ်။

လေးစားစွာဖြင့်
ဒေါရိယက်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ Mountain views မြို့မှာ နေထိုင်တဲ့ ဆယ်နှစ်သမီး ချင်းတိုင်းရင်းသူလေး ဒေါရိယက်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဆီ စာရေးသားပေးပို့ခဲ့တဲ့စာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်သွားအောင် သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ ကူညီပေးဖို့ စာထဲမှာ တောင်းဆိုထားပါတယ်။ သူရေးလိုက်တဲ့စာကို လက်ခံရရှိကြောင်း သမ္မတဘိုင်ဒင်က စာပြန်ပို့ခဲ့ပါတယ်။

"ဘာလို့စာရေးလဲဆိုရင် သမ္မတဘိုင်ဒင်ဟာ အရမ်းကို သြဇာရှိတဲ့သူလို့ ကျမထင်ပါတယ်။ သူ့မှာ လုပ်ပိုင်ခွင့် တွေ အာဏာတွေလည်း ရှိပါတယ်။ ပြီးတော့ ကျမရဲ့အဖွားအပါအဝင် လူတော်တော်များများဟာ တောတောင်တွေထဲ သွားပြီး ပုန်းရှောင်နေထိုင်နေရပါတယ်။ အဲ့ဒီချင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို ကျမဒီကနေ ကျမအမေပြတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကြည့်ပြီး အရမ်းကို ဝမ်းနည်းရပါတယ်။ ဒီလိုလုပ်နေတဲ့ မြန်မာစစ်တပ် ကိုလည်း ကျမ တော်တော်စိတ်ဆိုးတယ်။ သမ္မတဘိုင်ဒင်အနေနဲ့ ရပ်တန့်အောင် လုပ်ပေးနိုင်မယ် မျှော်လင့်ပြီး ကျမစာရေးလိုက်တာပါ"

ဒေါရိယက် ရေးလိုက်တဲ့စာကို အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း ချက်ချင်းဆိုသလို သမ္မတဂျိုးဘိုင်ဒင်ကိုယ်တိုင် လက်မှတ်ရေးထိုး စာပြန်ခဲ့ပါတယ်။ "အခုလိုစာရေးသားပြီး ရင်ဖွင့်ပြောပြ လာတာကို ကျေးဇူးတင်ကြောင်း"နဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို မကြောက်မရွံ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ဟာ အလွန်အရေးကြီးကြောင်း၊ ကလေးတွေက သူတို့ရဲ့ဆန္ဒတွေကို လေးလေးနက်နက် ပြောဆိုလာရင် လူကြီးတွေက နားထောင်ရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

ခေတ်အဆက်ဆက် အမေရိကန်သမ္မတတွေဆီကို စာရေးသားပေးပို့တဲ့ စာတွေ နေ့စဉ်အများအပြား လက်ခံရရှိလေ့ ရှိပါတယ်။ အဲ့ဒီထဲမှာ အခုလို ပြန်စာလက်ခံရရှိလို့ ဒေါရိယက်ရဲ့ မိခင်ဖြစ်သူ မအက်စတာဝါ ကတော့ ဝမ်းသာနေပါတယ်။

"မြန်မာလူထုက twitter တို့၊ facebook တို့မှာ အကူအညီတောင်းတဲ့စာတွေ အရမ်းရေးတယ်။ အဲ့ဒါနဲ့သူက သမီးလည်းရေးချင်တယ် ပြောတယ်။ ကျမလည်း သမီးရေးချင်ရင် ရေးလေဆိုပြီး ပြောလိုက်တယ်။ ကျမတို့က စာပြန်မယ်လို့တောင် မထင်ဘူး။ သူတို့စာပြန်ပို့လာတော့ သမီးလေးပို့တဲ့စာ သူတို့ရတာပဲပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့မြင်သွားတာပေါ့။ ပိုသိသွားတာပေါ့"

မအက်စတာဝါတို့ လင်မယားဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ အမေရိကန်ပြည်ထောင်စုကို ၂၀၁၀ ခုနှစ်မှာ နေ့ရပ်စွန့်ခွာဒုက္ခသည်အဖြစ် ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရောက် မြန်မာအများစုလိုပဲ သူတို့မိသားစုမှာလည်း မြန်မာပြည် ချင်းပြည်နယ်မှာ ကျန်ခဲ့တဲ့ မိဘဆွေမျိုးတွေအတွက် စိတ်ပူနေရတယ်လို့လည်း သူက ဆိုပါတယ်။

"ဖြတ်လေးဖြတ်နဲ့ စဖြတ်တဲ့ ဧပရယ်ကနေ အခုက နိုဝင်ဘာရောက်ပြီဆိုတော့ ဖြတ်လေးဖြတ်ကြောင့် စားနပ်ရိက္ခာ တော်တော်အခက်အခဲဖြစ်နေတယ်၊ နောက်တစ်လ နှစ်လလောက်ဆိုရင် ပိုက်ဆံရှိတောင် ဝယ်လို့မရတဲ့ အခြေအနေ အစာရေစာငတ်ပြတ်ပြီးမှ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာနေပြီ"

ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ချင်းတိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ရှိနေပါတယ်။ တောရွာတွေတင်မက မြို့ပေါ်ရပ်ကွက်တွေအထိ မီးရှို့ဖျက်ဆီးခံရတာ တွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရတာပါ။ သမီးလေး ဒေါရိယက်က သူတို့မိသားစု မြန်မာပြည်အတွက် ဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။

"သတ္တိရှိရှိ အားတင်းထားကြပါ၊ အခက်အခဲတွေ ကြုံနေရပေမယ့် ဘယ်တော့မှ အရှုံးမပေးပါနဲ့။ မြန်မာပြည်အတွက် ကျမတို့ မိသားစုက ဆုတောင်းပေးနေပါတယ်"

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်နှိပ်ကွပ်မှုတွေအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်တာတွေကို ချက်ချင်းရပ်တန့်ပြီး မတရား ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ မြန်မာ့ ဒီမိုကရေစီလမ်းစဉ်ကို ပြန်လည်တည်ဆောက်ဖို့ တောင်းဆိုကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့က အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။