NLD အမတ် ဦးဖြိုးဇေယျာသော် ထွက်ဆိုချက်ရုပ်သံဖိုင် စစ်ကောင်စီ ထုတ်ပြ
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ရတနာနှင်းဆီကွန်ဒိုအိမ်ရာမှာ အဖမ်းခံလိုက်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စား လှယ် ဦးဖြိုးဇေယျာသော်ရဲ့ ထွက်ဆိုချက် ရုပ်သံဖိုင်တစ်ခုကို ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြခဲ့ပါတယ်။
- 2022-01-14
-
-
-
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ရတနာနှင်းဆီကွန်ဒိုအိမ်ရာမှာ အဖမ်းခံလိုက်ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ရဲ့ ထွက်ဆိုချက် ရုပ်သံဖိုင် တစ်ခုကို ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြခဲ့ပါတယ်။
ရုပ်သံဖိုင်ထဲမှာ ဦးဖြိုးဇေယျာသော်က သူ့အနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာ ဧပြီလကနေစပြီး ဖောက်ခွဲရေး လုပ်ငန်းပေါင်း ၁၇၈ ကြိမ်၊ ပျံလွှားအောင် စစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကနေ အောက်တိုဘာလကုန်အထိ ပစ်ခတ်တိုက်ခိုက်မှု ၁၁ ကြိမ်၊ ဗုံးကွဲတိုက်ခိုက်မှု ၁၀ ကြိမ်လုပ်ဆောင်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
“လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်” လို့ ၂ မိနစ်နဲ့ ၂၅ စက္ကန့်ရှိတဲ့ အဲဒီရုပ်သံဖိုင်ထဲမှာ ဦးဖြိုးဇေယျာသော်က ပြောဆိုထားပါတယ်။
ပြီးခဲတဲ့နှစ် မတ်လကုန်လောက်မှာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ လက်နက်ကိုင် လမ်းစဉ်ကလည်း ပစ်မထားသင့်တဲ့ လမ်းစဉ် တစ်ခုဖြစ်တယ်လို့ပြောဆိုပြီး လက်နက်ကိုင် တော်လှန်ရေးအတွက် လူငယ်တွေကို စေလွှတ်ဖို့ စေခိုင်း ခဲ့တယ်လို့ ဦးဖြိုးဇေယျာသော်က ထွက်ဆိုထားတာပါ။
အဲဒါကြောင့် လူငယ် အယောက် ၁၀၀ လောက်ကို ၅ သုတ်ခွဲပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေတွေဆီ လက်နက်ငယ်သင်တန်းနဲ့ ဖောက်ခွဲရေး သင်တန်းတွေတက်ဖို့ စေလွှတ်ခဲ့တယ်လို့ ဦးဖြိုးဇေယျာသော်က ပြောထားပါတယ်။
လက်နက်တွေကို ရန်ကုန်ထဲကို သွင်းလာတဲ့အခါမှာလည်း မီးစက်၊ ဂတ်စ်အိုး၊ အောက်ဆီဂျင်အိုး၊ အင်ဂျင်အိုး၊ ထမင်းပေါင်းအိုး၊ ဆောင်းဘောက်၊ ဂီယာဘောက်တွေ၊ ငါးပိပုန်းတွေထဲ ထည့်သွင်း မြှုပ်နှံပြီး ခရီးသည်တင် Express ကားတွေ ကုန်ပစ္စည်းသယ်ယူတဲ့ကားတွေနဲ့ သယ်ယူကြောင်း ထွက်ဆိုချက်လည်း ပါဝင်ပါတယ်။
“ရိက္ခာဆိုင်ရာ၊ ပုန်းခိုဖို့အတွက် ကိစ္စရပ်တွေ အကြမ်းဖက်ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ အတွက် လက်နက် ခဲယမ်း၊ ဖောက်ခွဲရေး လုပ်ငန်းတွေလုပ်ဖို့အတွက်ကို တာဝန်ယူခဲ့ပါတယ်”လို့ ဦးဖြိုးဇေယျာသော်က ပြောဆိုထားပါတယ်။
သူတို့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး၊ EPC၊ ကညန၊ CCTV အစရှိတဲ့ နေရာ တွေကို ဖောက်ခွဲ ဖျက်ဆီးဖို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့လည်း ထွက်ဆိုထားပါတယ်။
NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အဖမ်းခံရပြီးကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး ဒီနေ့ စစ်ကောင်စီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာမှ ပြန်လည်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲ ဖျက်ဆီးခံရမှု ၁၇၈ ကြိမ်၊ သတ်ဖြတ်ခံ ရမှု ၃၆ ခုတို့မှာ ပါဝင်ပတ်သက်မှုနဲ့ စွပ်စွဲထားပြီး သူအဖမ်းခံရပြီးတဲ့နောက် နောက်ဆက်တွဲအဖြစ် လူပေါင်း ၂၉၃ ဦးလည်း အဖမ်းခံခဲ့ရပါတယ်။
အဲဒါအပြင် လက်နက်မျိုးစုံ ၁၆၉ လက်၊ လက်လုပ် သေနတ်မျိုးစုံ ၂၃၁ လက်၊ လက်လုပ် စိန်ပြောင်း ၆ လက်၊ ကျည်အိမ်မျိုးစုံ ၃၁၂ ခု၊ ကျည်မျိုးစုံ ၁၈၈၁၀ တောင့်၊ ၄၀ မမဗုံးသီး ၄၃ လုံးအပါအဝင် ဆက်သွယ်ရေး ပစ္စည်းတွေ၊ ဖောက်ခွဲရေးနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။