အစိုးရက ဇေကမ္ဘာကုမ္ပဏီရဲ့ လမ်းအသုံးပြုခ ကောက်ခံခွင့်ကို ယာယီရပ်ဆိုင်း
2018.11.01
ေဇကမ္ဘာကုမ္ပဏီက မြေငှားရမ်းတည်ဆောက်ပြီး အခွန်ကောက်ယူတဲ့စနစ် BOT နဲ့ လုပ်ကိုင်နေတဲ့ လှိုင်သာယာ၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ လမ်းပိုင်းတွေမှာ လမ်းအသုံးပြုခ ကောက်ခံနေတာကို အစိုးရက ဒီနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ဇေကမ္ဘာကုမ္ပဏီအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ပါ စည်းကမ်းချက်တွေကို မလိုက်နာ တာကြောင့် လမ်းအသုံးပြုခ ကောက်ခံတာကို သုံးလ ယာယီရပ်ဆိုင်းလိုက်တာလို့ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းက ပြောပါတယ်။
ရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ ကုမ္ပဏီအနေနဲ့ စာချုပ်ပါ စည်းကမ်းအတိုင်း လမ်းအရည်အသွေးကို သတ်မှတ်စံနှုန်းနဲ့အညီ ပြန်လည် ပြုပြင်ဆောင်ရွက်ပေးရမှာဖြစ်ပြီး လုက်နာဆောင်ရွက်မှုမရှိရင် လမ်းအသုံးပြုခ ကောက်ခံတာကို အပြီး ရပ်ဆိုင်းမှာဖြစ်တယ်လို့ သိရပါတယ်။
ဇေကမ္ဘာကုမ္ပဏီအနေနဲ့ လမ်းအသုံးပြုခ ကောက်ခံခွင့်လုပ်ငန်းကို ၂၀၁၃ ခုနှစ်က စတင်လုပ်ကိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီး စာချုပ်ပါစည်းကမ်းအရ ၃ နှစ်အတွင်း စံချိန်စံညွှန်းနဲ့အညီ လမ်းအဆင့်မြှင့်တင်ရေးလုပ်ဆောင်ပြီးမှသာ လမ်းအသုံးပြုခကောက်ခံရမယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဇေကမ္ဘာကုမ္ပဏီက တာဝန်ယူထားတဲ့ အဲဒီလမ်းပိုင်းဟာ ၅၇ မိုင်ရှည်လျားပြီး တစ်နေ့ကို ယာဉ်အစီးရေ ထောင်နဲ့ချီပြီး ဖြတ်သန်းနေတဲ့လမ်းဖြစ်ပါတယ်။
ဇေကမ္ဘာကုမ္ပဏီဥက္ကဌ ဦးခင်ရွှေ ကတော့ စာချုပ်ပါစည်းကမ်းချက်နဲ့အညီ ဆောင်ရွက်မယ်ဆိုရင် စီးပွားရေးအရ အရှုံးပေါ်နိုင်တာကြောင့် စာချုပ်ကို ပြန်လည်ပြင်ဆင်လိုကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က ကော့မှူးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားထားပါတယ်။