သေဒဏ်နဲ့ ပတ်သက်ပြီး ပြစ်မှုနဲ့ညီတဲ့ ပြစ်ဒဏ်ပေးမယ်လို့ စစ်ကောင်စီပြော

2022.06.01
သေဒဏ်နဲ့ ပတ်သက်ပြီး ပြစ်မှုနဲ့ညီတဲ့ ပြစ်ဒဏ်ပေးမယ်လို့ စစ်ကောင်စီပြော ဗိုလ်ချုပ် ဇော်မင်းထွန်း ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းနေစဥ်
Photo: MRTV
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း သေဒဏ်ပေးခံခဲ့ရတဲ့သူတွေကို ပြစ်မှုနဲ့ ပြစ်ဒဏ် တူညီအောင် ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၁ ရက် ဒီနေ့နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 
“PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ၊ မြို့ပေါ်မှာရှိနေတဲ့ အကြမ်းဖက်သမားတွေက ပြည်သူလူထုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ စိမ်ပြေနပြေ သတ်ဖြတ်တယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်တယ်။ ဒါတွေ ကျနော်တို့ တွေ့နေရတာဖြစ်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တာတွေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သေဒဏ်ပေးမှု၊ မပေးမှုနဲ့ ပတ်သက်ပြီး ပြောလိုတာကတော့ ကျနော်တို့အစိုးရအနေနဲ့ ပြစ်မှုနဲ့ ညီတဲ့ ပြစ်ဒဏ်ကို ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်”
 
ကိုဇေယျာသော်၊ ကိုဂျင်မီအပါအဝင် သေဒဏ်အပေးခံထားရသူတွေကို တကယ်သေဒဏ် ပေးမှာလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောခဲ့တာပါ။
 
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း သေဒဏ်ချမှတ်ခံထားရတဲ့သူ မေလအထိ ၁၁၄ ဦးရှိပြီ ဖြစ်ပါတယ်။
 
အဲဒီအထဲမှာ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတဲ့ သပိတ်ခေါင်းဆောင်တွေ၊ NUG၊ CRPH၊ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရသူတွေ၊ တိုင်းရင်းသားနယ်မြေတွေမှာ လက်နက် ကိုင်သင်တန်း တက်ရောက်ခဲ့ တယ်လို့ စွပ်စွဲဖမ်းဆီးခံရသူတွေအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်သတင်းပေးတွေကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေ ပါဝင်ပါတယ်။
 
သူတို့အားလုံးဟာ ဥပဒေအရ ခုခံကာကွယ်ခွင့်မရဘဲ ထောင်တွင်းစစ်ခုံရုံးကနေ တိုက်ရိုက်အမိန့် ချခံရတာ ဖြစ်ပါတယ်။
 
သေဒဏ်ချမှတ်ခံထားရသူတွေထဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်အပြင် တက္ကသိုလ်ကျောင်းသား လူငယ် အများစုလည်း ပါဝင်ပါတယ်။
 
မြန်မာနိုင်ငံမှာ ဥပဒေအရ သေဒဏ်စီရင်လို့ရပေမယ့် လက်တွေ့ကျင့်သုံးမှုမရှိတာ ကြာပြီဖြစ်လို့ အခုချိန်မှာ စစ်ကောင်စီက သေဒဏ်ကို ပြန်အသက်သွင်းမယ်လို့ ပြောတာဟာ ပြည်သူကို ခြိမ်း ခြောက်တာသာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
 
“သူတို့ ရက်ရက်စက်စက် လုပ်ချင်တဲ့စိတ်နဲ့ လုပ်တာလား။ ကြောက်အောင်၊ လန့်အောင် လုပ်တာလား။ ဘာပဲပြောပြော အခုလို ပြောတာကတော့ သူတို့အတွက် အကျိုးမရှိပါဘူး။ အနိုင်ယူပြီးတော့ ပြည်သူလူထုကို ခြိမ်းခြောက်တဲ့သဘောပဲ သက်ရောက်မှာပေါ့"
 
သေဒဏ်ချမှတ်တာကို ပယ်ဖျက်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေပေမယ့် စစ်ကောင်စီဘက် ကတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို သေဒဏ်တွေ ချနေဆဲဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ သေဒဏ်ပေးကွပ်မျက်မှုကို လက်တွေ့လုပ်မယ်ဆိုရင် နိုင်ငံတော်အကြီးအကဲရဲ့ အတည်ပြုချက် လိုအပ်ပြီး သေဒဏ်အမိန့်ချခံရသူတွေကို ၁၉၉၀ နောက်ပိုင်းကစလို့ လက်တွေ့ စီရင်တာမျိုးတော့ မရှိပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။