လူငယ်ငြိမ်းချမ်းရေးညီလာခံက ရရှိလာတာတွေကို UPDJC ကိုပေးပို့မည်
2018.11.23

တစ်နိုင်ငံလုံးက ကျောင်သားကျောင်းသူ အယောက် ၈၀ ခန့် တက်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) ကနေ ရရှိလာတဲ့ အချက် ၉ ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ထံကို ပေးပို့သွားမယ်လို့ သိရပါတယ်။
အဲဒီအချက် ၉ ချက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်များ ပါဝင်ရာတွင် အစိုးရပညာရေးဌာနနှင့် သက်ဆိုင် ရာ တက္ကသိုလ်၊ ကောလိပ်များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှုကို တားဆီးခြင်းမပြဘဲ ခိုင်မာသည့် အာမခံချက်ပေးရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတွင် လူငယ်အစုအဖွဲ့အနေဖြင့် တက်ရောက်ဆွေးနွေးခွင့်ရရှိရေး တရားဝင်ခွင့်ပြုရန်၊ လူငယ်များအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အရည်အချင်းမြှင့်တင်ရေး သင်တန်းပို့ချမှုများ ဆောင်ရွက်ပေးရန်နှင့် ငြိမ်းချမ်းရေးဆောင်ရွက်ချက်များတွင် ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေကို လူငယ်တွေကြား ပိုမိုစိတ်ဝင်စားလာဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လူငယ်တွေရဲ့အမြင်တွေကို တင်ပြနိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အသွင်တူဆောင်ရွက်ခြင်း လူငယ်ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့တွေမှာ ၂ ရက်ကြာကျင်းပနေတာဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှတော့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။
အဲဒီညီလာခံမလုပ်ခင်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဗဟုသုတတွေကို ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့သူတွေက ၃ ရက်ကြာ ကြိုတင်သင်ကြားပေးခဲ့ပြီး လူမှုရေးကဏ္ဍအောက်က တိုင်းရင်းသားဘာသာစကား သင်ကြားခွင့်ရရှိရေး ခေါင်းစဉ်တစ်ခုကိုပဲ ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီညီလာခံကို ကချင်၊ ကယား၊ ကရင်နဲ့ မွန်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုလုံးက အသက် ၁၇ နှစ်ကနေ ၂၄ နှစ်ကြား ကျောင်းသူ၊ ကျောင်းသား လူငယ် စုစုပေါင်း အယောက် ၈၀ ခန့် တက်ရောက်ဆွေးနွေးခဲ့တာဖြစ် ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။