ယင်းမာပင်မြို့ ဘန့်ဘွေးကုန်းအုပ်စုမှာ တိုက်ပွဲပြင်းထန်၊ နှစ်ဖက်သေဆုံးမှုတွေရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စုထဲမှာ စက်တင်ဘာ လ ၂၆ ရက် မနေ့ မနက်ကနေ ၂၇ နေ့ ဒီနေ့ နံနက်အစောပိုင်းအထိ ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေး အဖွဲ့ဘက်က လူငယ်ရှစ်ဦးသေဆုံးခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် တချို့ကို တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စုထဲမှာ စက်တင်ဘာလ ၂၆ ရက် မနေ့ မနက် ကနေ ၂၇ နေ့ ဒီနေ့ နံနက်အစောပိုင်းအထိ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဘက်က လူငယ်ရှစ်ဦးသေဆုံးခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

မနေ့ မနက် ၆ နာရီဝန်းကျင် ကံစုရွာအရှေ့ဘက် အနားမှာဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ကံစုရွာက ကာကွယ်ရေးအဖွဲ့ဝင် လူငယ်သုံးဦးသေဆုံးခဲ့ပြီး ဒီနေ့မှာမှ အလောင်းကောက်နိုင်တာကြောင့် နေ့လည် ၂ နာရီမှာပဲ မီးသင်္ဂြိုဟ် ပေးလိုက်ရတယ်လို့ ကိုယ်တိုင်ပါဝင်ကူညီပေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီကနေ စက်တင်ဘာလ ၂၇ ရက် ဒီနေ့ မနက်အစော ၃ နာရီအထိ ထပ်မံဖြစ်ပွားခဲ့တဲ့ လိပ်ပုတောရွာအဝင်က နှစ်ဖက် တိုက်ပွဲအတွင်းမှာတော့ လိပ်ပုတောရွာက ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် သုံးဦးနဲ့ ကျောက်မော်ရွာက နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။

“ညတုန်းကနေ မနက် ၃ နာရီလောက်အထိ လိပ်ပုတောရွာအဝင်မှာ တိုက်ပွဲထပ်ဖြစ်တယ်၊ နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ပါ ပစ်ကြတာ၊ လိပ်ပုတောမှာ နေအိမ်ထဲ လက်နက်ကြီးကျလို့ သေတာကတစ်ဦး တိုက်ရင်းကျတာက နှစ်ဦး၊ ကျောက်မော်မှာလည်း တိုက်ပွဲအတွင်းကျတာ နှစ်ဦးရှိခဲ့တယ်၊ စစ်ကောင်စီ ဘက်ကလည်း သေတယ်၊ တချို့တွေကတော့ ခန့်မှန်း ၃၀ လောက်ရှိတယ်ပြောတာပဲ၊ အဲဘက်တော့ တိတိကျကျမသိရဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ကံစုရွာမှာ သေဆုံးသွားတဲ့ လူငယ်တစ်ဦးရဲ့ နေအိမ်ကိုပါ စစ်ကောင်စီက မီးရှို့သွားတယ်လို့လည်း ဒေသခံကဆိုပါတယ်။

သေဆုံးသွားသူတွေကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေအပါအဝင် နီးစပ်ရာ ပရဟိတအဖွဲ့တွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ကိုယ်တိုင်ပါဝင် ကူညီပေးခဲ့သူတွေကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မုံရွာ ရာကြီး - ကလေး၀လမ်းပေါ် ဘန့်ဘွေးကုန်းအုပ်စုရဲ့ မြောက်ဘက်က လေညှင်းတောင်မှာ တပ်စွဲထားတာဖြစ်ပြီး လက်ရှိ နှစ်ဖက် တိုက်ပွဲတွေကြောင့် ရွာအချို့က ဒေသခံတွေ နီးစပ်ရတောတောင်တွေထဲ ရှောင်ပုန်း နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘန့်ဘွေးကုန်းကျေးရွာအုပ်စုထဲမှာ ရွာပေါင်းရှစ်ရွာရှိပြီး တစ်ရွာနဲ့တစ်ရွာက တစ်မိုင်ခန့်ပဲ ဝေးကွာကြတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ ခန့်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org