ဗဟိုအမျိုးသမီးဆေးရုံက CDM ဝန်ထမ်း ၄၀၀ ကျော်ကို အစစ်ဆေးခံဖို့ခေါ်

2021.05.27
ဗဟိုအမျိုးသမီးဆေးရုံက CDM ဝန်ထမ်း ၄၀၀ ကျော်ကို အစစ်ဆေးခံဖို့ခေါ် ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာကနေ ပြောင်းရွှေ့နေကြစဉ်
Photo CJ

ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ဝန်ထမ်းပေါင်း ၄၀၀ ကျော်ကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ဆေးရုံကြီးကို လာရောက်အစစ်ဆေးခံဖို့ ဆေးရုံဌာနဆိုင်ရာ စုံစမ်း စစ်ဆေးရေးအဖွဲ့က မနေ့က စာပို့ပြီး ဆင့်ခေါ်ထားပါတယ်။

အဲဒီဆေးရုံမှာ အလုပ်မဆင်းဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ သူနာပြု ၁၈၅ ဦးနဲ့ အခြားအဆင့် ဝန်ထမ်း ၂၂၃ ဦး၊ စုစုပေါင်း ၄၀၈ ဦးထံကို မနေ့က စာပို့လာတာလို့ အမည်မဖော်လိုတဲ့ ဆေးရုံဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီအကြောင်းကြားစာမှာ ဗဟိုအမျိုးသမီးဆေးရုံကနေ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ဌာနနဲ့ ကင်းကွာနေတဲ့ အတွက် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှာဖြစ်တယ်လို့ပါရှိပါတယ်။ ပြီးခဲ့တဲ့ မေ ၂၅ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ လောက်က ဆေးရုံဝန်ထမ်းအိမ်ယာကို ရောက်လာပြီး CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ ခြိမ်းခြောက်တဲ့အတွက် ဝန်ထမ်းတွေက အိမ်ယာကနေ ထွက်ခွာခဲ့ကြတာပါ။

ဆေးရုံဝန်ထမ်းအများစုဟာ အိမ်ထောင်ပရိဘောဂတွေကိုပါ သိမ်းဆည်းပြီးတော့ ဝန်ထမ်းအိမ်ရာတွေကနေ နေ့စဉ်ထွက်ခွာနေကြတာဖြစ်ပြီး ဒီနေ့ဆိုရင် ဝန်ထမ်းအိမ်ရာမှာ အနည်းငယ်လောက်သာ ကျန်တော့တယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အမည်မဖော်လိုတဲ့ နောက်ထပ်ဆေးရုံဝန်ထမ်းတစ်ဦးကလည်း စစ်ကောင်စီကို မထောက်ခံတဲ့အတွက် သူတို့အမိန့်ကိုလည်း လက်ခံစရာမလိုတဲ့အကြောင်း၊ ဆေးရုံကနေ ထုတ်ပယ်တယ်လို့ စာမထွက်ခင်ကပင် ဝန်ထမ်းအိမ်ယာတွေကနေ ထွက်ခွာလာတာဖြစ်တဲ့အတွက် ပြန်သွားဖို့ အစီစဉ်မရှိဘူးလို့ ပြောပါတယ်။

ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံမှာ ဝန်ထမ်းအင်အား ၆၀၀ ကျော်ရှိပြီး အယောက် ၅၀၀ ကျော်က CDM မှာ ပါဝင်နေကြတာလို့လည်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။