ရန်ကုန်နဲ့ မန္တလေး ဆန္ဒပြသူတွေ တပ်နဲ့ ရဲတို့ကို ထိပ်တိုက်မတွေ့ဘဲ ဆန္ဒပြ

ရန်ကုန်မြို့မှာ ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေဟာ စစ်သားတွေနဲ့ရဲတွေရဲ့ အင်အားသုံး ဖြိုခွဲတာကို ခံခဲ့ကြရပါတယ်။ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေက ရေကားတွေ၊ သံဆူးကြိုးတွေ အထပ်ထပ်ချထားပြီး သေနတ်နဲ့ပစ်ခတ်တာ အပါအဝင် အကြမ်းဖက်လူစုခွဲခဲ့ပြီး သတင်းထောက်အချို့နဲ့ အတူ ဆန္ဒပြသူတွေ အဖမ်း ခံခဲ့ရပါတယ်။

စစ်အာဏာဆန့်ကျင်ဆန္ဒပြသူတွေကို လှည်းတန်းမှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ စစ်တပ်နဲ့ ရဲက အင်အားသုံးဖြိုးခွင်းပြီး တချို့အဖမ်းခံရစဉ်

ရန်ကုန်မြို့မှာ ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေဟာ စစ်သားတွေနဲ့ရဲတွေရဲ့ အင်အားသုံး ဖြိုခွဲ တာကို ခံခဲ့ကြရပါတယ်။ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေက ရေကားတွေ၊ သံဆူးကြိုးတွေ အထပ်ထပ် ချထားပြီး သေနတ်နဲ့ပစ်ခတ်တာ အပါအဝင် အကြမ်းဖက်လူစုခွဲခဲ့ပြီး သတင်းထောက်အချို့နဲ့ အတူ ဆန္ဒပြ သူတွေ အဖမ်းခံခဲ့ရပါတယ်။

မန္တလေးမှာ ဆန္ဒပြသူတွေကို နှစ်နေရာမှာ သေနတ်ပစ်ဖောက်ဖြိုခွဲခဲ့ပြီး အဖမ်းခံရတာ အယောက် ၄၀ ခန့် ရှိခဲ့ပါတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်းတွေ အဓိကရှိတဲ့နေရာတွေကို ဖြိုခွဲတာ၊ စစ်ကား ရဲကားတွေ လာတာနဲ့ လူစုခွဲပေးတဲ့ ဆန္ဒပြသူတွေကို လေးဂွတွေနဲ့ပစ် သေနတ်နဲ့ပစ်ဖောက်ဖြိုခွဲခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် ဒီကနေ့ မန္တလေးမြို့ပေါ်မှာလည်း မနက်ပိုင်း ၉ နာရီခွဲကျော် ၁၀ နာရီလောက်အထိ ကျန်းမာရေး၊ အင်ဂျင်နီယာ စတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဆန္ဒပြသူတွေ သောင်းနဲ့ချီပြီးရှိရာကနေ စစ်သားနဲ့ ရဲတွေက လိုက်လံဖြိုခွင်းလို့ ဆန္ဒပြသူတွေဟာ ထိပ်တိုက်မတွေ့ဘဲ လူစုခွဲလိုက်ကြပါတယ်။

မန္တလေးမြို့ပေါ်မှာ အရင်နေ့တွေက ဆန္ဒပြအားကောင်းခဲ့ကြတဲ့ ဘူတာကြီးရှေ့၊ ၇၃၊ ၂၉၊ လမ်း ၃၀ ၊ ၇၈ လမ်းနဲ့ တိုင်းတရားလွှတ်တော်ရှေ့နေရာတွေကို စစ်ကားတွေ ရဲကားတွေက တားဆီးပိတ်ဆို့ထားပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ မြေနီကုန်းနဲ့ လှည်းတန်းက လမ်းဆုံနေရာတွေမှာ ဆန္ဒပြသူတွေကို စစ်သားတွေ ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွင်းပြီး သတင်းထောက် နှစ်ယောက်နဲ့ ဆန္ဒပြသူ ငါးဦး ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။

ဒီမနက် မြေနီကုန်းမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူတွေရဲ့ အခြေအနေတွေကို မျက်မြင် တွေ့ခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း အဖမ်းခံခဲ့ရတဲ့ သတင်းထောက်တစ်ဦးက ရှင်းပြပါတယ်။

မြေနီကုန်းမှာ ဒီနေ့မနက်က ဖမ်းဆီးခံရသူတွေထဲမှာ ဂျပန်သတင်းဌာနတွေကို သတင်းပေးပို့နေတဲ့ ဂျပန် နိုင်ငံသား သတင်းထောက်တစ်ယောက်လည်း ပါဝင်ပါတယ်။ သူဟာ ရန်ကုန်မှာ အခြေစိုက်တာ ခြောက်နှစ် လောက်ရှိနေပြီဖြစ်ပြီး အလွတ်သတင်းထောက်တစ်ဦးဖြစ်တယ်လို့ သူနဲ့အတူ အလုပ်တွဲလုပ်နေသူတစ်ဦးက ပြောပါတယ်။ အခုလက်ရှိ သူ့ကို မြေနီကုန်းရဲစခန်းမှာ ဖမ်းဆီးခံထားရပါတယ်။

ဆန္ဒပြသူတွေဟာ ထိပ်တိုက်မတွေ့ဆုံတော့ဘဲ လူစုခွဲလိုက်ကြလို့ နောက်ထပ်ပစ်ခတ်တာတွေ၊ ဖမ်းဆီးခံရတာ တွေတော့ မရှိခဲ့ပါဘူး။ လှည်းတန်းမှာဆိုရင် ဒီနေ့မနက်ပိုင်းက ဆန္ဒပြသူတွေကို နှစ်ကြိမ်တိုင်တိုင် သေနတ်နဲ့ ပစ်ဖောက်ပြီး ဖြိုခွဲခဲ့ပါတယ်။ လူစုခွဲလိုက်ကြပေမယ့်လည်း ဆန္ဒပြသူတချို့ဟာ စစ်သားတွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခပ်လှမ်းလှမ်းနေရာတွေကနေ အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။

ဆူးလေလမ်းမဘက်မှာတော့ ပိတ်ဆို့တားဆီးတာတွေမရှိလို့ ဆန္ဒပြသူတချို့ ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ် လေးငါးဆယ်ချက်လောက် ပစ်ဖောက်ပြီး ဆန္ဒပြသူ သုံးယောက်လောက် အဖမ်းခံလိုက်ရပါတယ်။

နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား တို့လိုမြို့ကြီးတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆန္ဒပြသူ တွေကို သေနတ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာတွေကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေရှိသလို ဒဏ်ရာရသူတွေ အဖမ်းခံထားရသူတွေလည်းရှိခဲ့ပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာလည်း ဒီကနေ့မနက်ပိုင်းက နှစ်ထောင်လောက်ရှိတဲ့ ဆန္ဒပြသူတွေဟာ သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခံခဲ့ရလို့ လူစုကွဲသွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဖမ်းခံထားရသူတွေ လွတ်မြောက်ရေး ကုလသမဂ္ဂက ကူညီပေးဖို့ တိုင်းရင်းသား ပေါင်းစုံသပိတ်မှာ ပါဝင်တဲ့လူငယ်တွေက လားရှိုးမြို့ ကံ့ကော်လမ်းမှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ ဒီမနက်က သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မူဆယ်မြို့က ငါးဦး၊ လားရှိုးမှာ သုံးဦး၊ မိုင်းရယ်မြို့ကတစ်ဦး၊ ကိုးကန့်ဒေသ လောက်ကိုင်၊ ၀ တိုင်းဟိုပန်၊ နမ္မတူနဲ့ တန့်ယန်းမြို့တို့က တစ်ဦးစီတို့ဖြစ်ကြပါတယ်။

သူတို့ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ ၂၅ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ပုဒ်မ တွေနဲ့ အမှုဖွင့်တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှှုး၊ လားရှိုး NLD အောင်နိုင်ရေးတာဝန်ခံအပါအဝင် ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အတွင်းရေးမှူးတွေလည်း ဖမ်းဆီးခံထားရတဲ့အတွက် ကုလသမဂ္ဂအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ ဆန္ဒပြလူငယ်တွေက တောင်းဆိုခဲ့ကြပါတယ်။

ပုသိမ်၊ မော်လမြိုင်၊ မြစ်ကြီးနား စတဲ့မြို့ကြီးတွေမှာလည်း စစ်အာဏာရှင်ကျဆုံးရေး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အာဏာဖီဆန်ရေး CDM မှာ လှုပ်ရှားကြဖို့ ဆန္ဒပြကြပါတယ်။

မြန်မာတစ်နိုင်ငံလုံး အင်တာနက်တွေက ညတိုင်းအဖြတ်ခံထားရတုန်းပါ။ နေ့ပိုင်းမှာ ပြန်ရတယ်ဆိုပေမယ့် လည်း အင်တာနက်သုံးရတာ သိပ်နှေးနေပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အဖမ်းခံထားရသူ စုစုပေါင်း ၇၀၀ နီးပါးရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ကပြောပါတယ်။

အဖမ်းခံရသူတွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း ကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံတဝှမ်း ဆန္ဒပြသူတွေက တောက်လျှောက်တောင်းဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org