အင်းစိန်အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှု တရားခံတွေ အမြောက်အမြားရှိလာ
2018.08.24

ရန်ကုန်တိုင်းအတွင်း မူးယစ်ဆေးဝါးမှုတွေ ပိုများလာတဲ့အတွက် ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါး တရားခံတွေ အများအပြား ရောက်ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးကြီးအောင်စိုးမိုးက အခုလို ပြောခဲ့တာပါ။
“ခုနက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင်လည်း ကျနော်တို့ ဖမ်းဆီးမှုတွေ ပိုမိုများပြားလာတဲ့အတွက် အင်းစိန်ထောင်မှာဆိုရင် ဘာပဲဖြစ်ဖြစ် အရင်ထက်ပိုပြီးတော့မှ အချုပ်တရားခံတွေ ပိုမိုများပြားလာတာတွေ ရှိပါတယ်၊ ဒါကတော့ ပြည်သူလူထုအတွက် ကျနော်တို့ တပ်ဖွဲ့တွေအနေနဲ့ စွမ်းဆောင်လျက်ရှိတာကို ကျနော်တို့အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်”
ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က ရန်ကုန်တိုင်းအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅ဝဝ ကျော ်ရှိခဲ့ပြီး၊ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးရရှိတဲ့စာရင်းအရ မူးယစ်ဆေးဝါးမှု တစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ပြီး ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၁၈ ခုနှစ်အတွင်း အမှုပေါင်း လေးထောင်နီးပါး ရှိခဲ့တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့အင်အားဟာ တခြားမြို့တွေထက် များပြားပေမယ့် လူဦးရေငါးသန်းကျော် ရှိနေတဲ့ ရန်ကုန်မြို့မှာ ရဲအင်အားနဲ့ ရှိတဲ့လူဦးရေ မမျှတဘူးလို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်မြို့ဟာ တရားဥပဒေစိုးမိုးမှုပျက်ပြားပြီး ပြည်သူတွေအတွက် ကျီးလန့်စာစားနေရတဲ့ မြို့တစ်ခုဖြစ်နေတယ်ဆိုတာ မဟုတ်ဘဲ မြို့သစ်တို့လို ကျူးကျော်တွေရှိတဲ့ နေရာတွေကို သွားလာတဲ့နေရာမှာတော့ လုံခြုံမှုမရှိနိုင်ဘူးလို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
YBS ယာဉ်တွေကို ကဒ်စနစ်နဲ့ သွားဖို့ လုပ်ဆောင်နေကြောင်း၊ လက်ရှိ YBS ယာဉ်အစီးရေ ခြောက်ထောင်နဲ့ ပြေးဆွဲနေပြီး ကဒ်စနစ်နဲ့ ယာဉ်အစီးရေ လေးထောင်လောက် ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။