ရေတာရှည်မြို့နယ်က ရေဘေးသင့်သူတွေကို ကူညီမှု စစ်ကောင်စီ စိစစ်

စစ်တောင်းမြစ်ရေ တက်လာတာကြောင့် ရေတာရှည်မြို့နယ်ထဲက ကျေးရွာအများစု ရေဘေးသင့်နေပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာခြောက်ရွာခန့် ရေကြီးနေတာလို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်နေတဲ့ ရေတာရှည်မြို့နယ်ရှိ ကျေးရွာတစ်ရွာအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ Facebook/ ဆင်ဂွေဆရာတော်

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ရေဘေးသင့်ကျေးရွာတွေကို အစားအသောက်နဲ့ ရိက္ခာပို့ဆောင်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေက စိစစ်တားမြစ်တာတွေ ရှိနေတာကြောင့် ကူညီရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ ရေဘေးကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

စစ်တောင်းမြစ်ရေ တက်လာတာကြောင့် ရေတာရှည်မြို့နယ်ထဲက ကျေးရွာအများစု ရေဘေးသင့်နေပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာခြောက်ရွာခန့် ရေကြီးနေတာလို့ ဆိုပါတယ်။

အဲဒီကျေးရွာတွေက လူဦးရေတစ်ထောင်ကျော်ဟာ မြို့ပေါ်ကိုပြောင်းရွှေ့နေထိုင်နေကြပေမယ့် မပြောင်းရွှေ့ဘဲ ကျန်နေသူ ဒေသခံနှစ်ထောင်နီးပါးအတွက် ကူညီပို့ဆောင်ဖို့ လုပ်ဆောင်ရာမှာ တားမြစ်တာတွေရှိနေတာလို့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

"စစ်တောင်းမြစ်မှာ တံတားရှိတယ်လေ။ သူတို့က မပို့ရဘူးပေါ့။ ကျွန်တော်တို့ သွားပြီဆိုရင် ဒီဘက်က တာဝန်ယူတဲ့သူ အိမ်ထောင်စု စာရင်းတောင်းတယ်။ လှူတဲ့သူတွေနောက်ကို လိုက်တယ်။ အဲဒီလိုမျိုးတွေလုပ်တယ်။ အရင်ကတည်းက အဲဘက်တွေက နိုင်ငံရေးအရ ပိတ်ထားတယ်ပေါ့။ အဲဒီလို အတားအဆီး အပိတ်အပင်တွေရှိတာပေါ့"

ရေဘေးသင့်ပြည်သူတွေကို ရိက္ခာပို့ဆောင်နိုင်ဖို့ စစ်တောင်းတံတားဖြတ်ရာမှာ ဆန်အိတ်အပါအဝင် ထောက်ပံ့ရေးပစ္စည်းအများစုကို သယ်ယူခွင့်မပြုဘဲ ကျေးရွာသားတွေကိုယ်တိုင် တစ်ပိုင်တစ်နိုင်နဲ့သာ လာရောက်သယ်ယူခွင့်ပေးနေတာလို့ ဆိုပါတယ်။

ရေဘေးအကူအညီတွေ ကန့်သတ်ခံရကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရိက္ခာပို့ဆောင်ရာမှာ စစ်ဆေးမေးမြန်းပြီး တားမြစ်တာတွေရှိနေတာလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး စစ်တောင်းမြစ်ရေတက်လာတာကြောင့် ရေတာရှည်မြို့နယ်က နေရာအများစု ရေကြီးနစ်မြုပ်နေပြီး စစ်တောင်းမြစ်တစ်ဖက်ကမ်း ကဲလင်းဆိပ်ကျေးရွာအပါအဝင် ကျေးရွာအများစု ရေဘေးသင့်နေတာကြောင့် ကူညီထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရေကြီးနေတာကြောင့် သွားလာရခက်ခဲနေတဲ့အတွက် စက်လှေတွေ လိုအပ်နေသလို စားနပ်ရိက္ခာ ထောက်ပံ့ပို့ဆောင်ဖို့လည်း အကူအညီတွေ လိုနေတယ်လို့ ရေဘေးကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org