မီတာခပေးဖို့ ဖိအားပေးပြီးနောက် သုံးရက်အတွင်း ရန်ကုန်လျှပ်စစ်ရုံး ရှစ်ခု ဗုံးကွဲ
ရန်ကုန်မြို့က မြို့နယ်လျှပ်စစ်ရုံး သုံးခုမှာ ဇူလိုင်လ ၉ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွား ခဲ့ပြီး ဒါဟာ အချိန်သုံးရက်အတွင်း ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲတဲ့ လျှပ်စစ်ရုံး ရှစ်ခုအထိ ရှိလာတာ ဖြစ်ပါတယ်။
- 2021-07-09
-
-
-
ရန်ကုန်မြို့က မြို့နယ်လျှပ်စစ်ရုံး သုံးခုမှာ ဇူလိုင်လ ၉ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ဒါဟာ အချိန်သုံးရက်အတွင်း ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲတဲ့ လျှပ်စစ်ရုံး ရှစ်ခုအထိ ရှိလာတာ ဖြစ်ပါတယ်။
ဒီနေ့မနက်က လမ်းမတော်၊ စမ်းချောင်း၊ မင်္ဂလာဒုံမြို့နယ်တွေက လျှပ်စစ်ရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတွေတော့ မရှိဘူးလို့ ဖြစ်စဉ်အနီး နေထိုင်သူတွေက RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ကလည်း တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ လှိုင်နဲ့ မရမ်းကုန်း မြို့နယ်တွေက လျှပ်စစ်ရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီပေါက်ကွဲမှုတွေကိုတော့ မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဦး (UGRF) က သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး ဒါဟာ ပြည်သူတွေကို မီတာဆောင်ဖို့ အတင်းအကျပ်ဖိအားပေးတာတွေ ထပ်မလုပ်ဖို့ သတိပေးတာလို့ ဆိုပါတယ်။
လျှပ်စစ်မီတာခ မဆောင်တာကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လျှပ်စစ်ဓာတ်အားပေးဋ္ဌာနတွေက ဇူလိုင်လဆန်းကစလို့ ရန်ကုန်မြို့က နေရာအချို့မှာ လျှပ်စစ်မီးဖြတ်တောက်ခံရမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဋ္ဌာနကတော့ ပြည်သူတွေ ဓာတ်အားခမပေးဖို့နဲ့ ဓာတ်အားခ ကောက်ခံတာတွေရပ်ဖို့ သတိပေး ဆောင်ရွက်ချက်တွေကြောင့် လျှပ်စစ်ဓာတ်အား ဆက်လက်ဖြန့်ဖြူးပေးဖို့ ဝင်ငွေမရှိရင် မီးအလှည့်ကျပေးတဲ့ အခြေအနေအထိ ဖြစ်လာစေလိမ့်မယ်လို့ ဇူလိုင် ၈ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မီတာခတွေ ပုံမှန်ဆောင်ပေးဖို့ မေတ္တာရပ်ခံတဲ့အကြောင်း အဲဒီ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။