ဖမ်းဆီးခံရတာမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ပြော
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့က သူ့ရဲ့နေအိမ်ကနေ စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီး ခေါ်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ မဟုတ်မှန်ကြောင်း ကာယကံရှင်ဖြစ်သူ ဦးရဲထွဋ်က RFA ကို ဒီနေ့မနက်က ပြောပါတယ်။
- 2021-11-09
-
-
-
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့က သူ့ရဲ့နေအိမ်ကနေ စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးခေါ်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ မဟုတ်မှန်ကြောင်း ကာယကံရှင်ဖြစ်သူ ဦးရဲထွဋ်က RFA ကို ဒီနေ့မနက်က ပြောပါတယ်။
"ကျနော် အဖမ်းခံရတယ်ဆိုတာလည်း မဟုတ်ပါဘူး။ မနက်ပိုင်း အေးဆေးဆေးဆေး လမ်းထွက်လျှောက် နေတာပါ။ ကျနော်ရဲ့ ဖေ့စ်ဘွတ်မှာရေးတဲ့ အက်ဆေးလေးတွေကိုလည်း အက်ဆေးလိုပဲ ဖတ်ကြပါလို့ ပြောပါရစေ" လို့ ဦးရဲထွဋ်က ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၉ ရက်နေ့မှာ ဦးရဲထွဋ်က ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တဲ့ "ဘောင်းဘီပြင်သည် အလီ"ဆိုတဲ့ အက်ဆေးတစ်ခု ရေးသားခဲ့တဲ့အပေါ်မှာ အဖမ်းခံရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့တာပါ။
သူ့အက်ဆေးရဲ့နောက်ဆုံးအပိုဒ်မှာ "ကိုယ်အခြေအနေ ကိုယ်မသိတဲ့သူ၊ လောဘတက်ပြီး မဆန့်အင်တန် ဝတ်နေတယ်ဆိုပြီးတောင် အထင်သေးခံရနိုင်တယ်။ ဒီတော့ အခြေအနေ မှန်ကိုသိ၊ ငါနဲ့ မတော်တော့ဘူး၊ မတန်တော့ဘူးဆိုတာကို လက်ခံပြီး ပြင်လို့ရရင် ပြင်၊ ပြင်လို့မရတော့ဘူးဆိုရင် တော်တဲ့၊ တန်တဲ့သူကို ပေးလိုက်တာပဲ ကောင်းပါတယ်"ဆိုတဲ့ စာသား ပါဝင်ခဲ့တာပါ။
ဒီလိုရေးသားချက်ဟာ လက်ရှိစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရည်ရွယ်ရေးသားတာ ဆိုပြီး လူမှုကွန်ရက်မှာ မှတ်ချက်ပေးနေကြတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း စစ်တပ်အနေနဲ့ ဦးရဲထွဋ်ကို ဖမ်းဆီးစရာ အကြောင်းမရှိဘဲ အခုလိုထွက်ပေါ်နေတဲ့ သတင်းတွေကလည်း ကောလာဟလတွေ သာဖြစ်တယ်လို့ ပြောပါတယ်။
စစ်တက္ကသိုလ် အပတ်စဉ်-၂၂ ဆင်း၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်ဟာ ၂၀၀၅ ခုနှစ်မှာ စစ်ဘက်ကနေ အငြိမ်းစားယူခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် အရပ်ဘက်မှာ စတင်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက်မှာ ညွှန်ကြားရေးမှူးချုပ်၊ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီး၊ ဝန်ကြီးအဆင့်တွေအထိ တာဝန်ထမ်းဆောင်ပြီးတော့ အငြိမ်းစားယူခဲ့ပါတယ်။
အငြိမ်းစားယူပြီးတဲ့နောက်မှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများဆိုတဲ့ စာအုပ်တစ်ခုကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။
ဦးရဲထွဋ်နဲ့ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းသူတွေကတော့ လက်ရှိ စစ်ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စစ်တပ်ဘက်က ဦးဆောင် နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့ ဖြစ်ပါတယ်။