ရေးမြို့က လုံခြုံရေးဂိတ်စခန်းကို ရေးဘီလူးအဖွဲ့တိုက်ခိုက်
ရေးမြို့အဝင် လုံခြုံရေးဂိတ်စခန်းတစ်ခုကို မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
-
RFA Burmese
2023-04-29 -
-
-
မွန်ပြည်နယ်၊ ရေးမြို့အဝင် လုံခြုံရေးဂိတ်စခန်းတစ်ခုကို ဧပြီလ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကလည်း သူတို့အဖွဲ့က ၀င်ရောက်ပစ်ခတ်ခဲ့တာလို့ RFA ကို အတည်ပြုပါတယ်။
“မြို့နဲ့သုံးမိုင်အကွာမှာ ရှိပါတယ်။ ခမရ (၅၈၆) ရဲ့ဘေးမှာ လုံခြုံရေးပေးထားတဲ့ တိုးချဲ့ဂိတ်လို့သိကြတယ်။ အဲဒီမှာ တပ်စွဲထားတဲ့နေရာကို အလစ်အငိုက်ဝင်ပစ်တာပါ။ ကျနော်တို့ဘက်က တစ်ဦးဒဏ်ရာရတယ်။ စိုးရိမ်စရာတော့မရှိဘူး ”
ဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်လေးဦး သေဆုံးတယ်လို့ဆိုပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရေးမြို့ခံတစ်ဦးကလည်း ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ အဲဒီဂိတ်စခန်း တိုက်ခိုက်ခံရတာလို့ RFA ကိုပြောပါတယ်။
“အဲဒီဂိတ်က ရေးမြို့အဝင်နားမှာရှိတာ။ လုံခြုံရေးဂိတ်ပဲ။ ကားတွေ၊ ဆိုင်ကယ်တွေစစ်တဲ့ဂိတ်၊ အဲဒီဂိတ်အပစ်ခံရတာ။ လုံခြုံရေးဂိတ်အပစ်ခံရပြီး မြို့ထဲက စစ်ကောင်စီတပ်ရော၊ ရဲရောစစ်ဆေးရေးလုပ်ကြတယ် ”
သူကတော့ လုံခြုံရေးအခြေအနေကြောင့် ထိခိုက်သေဆုံးတဲ့အခြေအနေကို တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းကတော့ အဲဒီဂိတ်ဟာ ပြည်သူ့စစ်အဖွဲ့ရဲ့ လုံခြုံရေးဂိတ်ဖြစ်ပြီး သင်္ဃန်းဝတ်ထားတဲ့ အယောင်ဆောင်အဖွဲ့တစ်ခုက ဆိုင်ကယ်သုံးစီးနဲ့ပစ်ခတ်သွားတာလို့ RFA ကိုပြောပါတယ်။
ဒီပစ်ခတ်မှုမှာ ရေးမြို့လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့က တစ်ဦးသေဆုံးခဲ့သလို နှစ်ဦးထိခိုက်ဒဏ်ရရခဲ့တယ်လို့ ဦးတိုး၀င်းကပြောပါတယ်။