ရေဖြူမြို့နယ်မှာ အရပ်သား ၃၀ ကျော် ဖမ်းဆီးခံရ
ရေဖြူမြို့နယ်၊ ခေါင်ပြန်ရွာနဲ့ တိုက်တကော်ရွာက အရပ်သား ၃၀ ကျော်ကို ဇူလိုင် ၂၇ ရက်မှာ စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသွားပါတယ်။
-
RFA Burmese
2023-07-30 -
-
-
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု ခေါင်ပြန်ရွာနဲ့ တိုက်တကော်ရွာက အရပ်သား ၃၀ ကျော်ကို ဇူလိုင်လ ၂၇ ရက်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ အသက် ၂၀ ကနေ ၄၀ အရွယ်ဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံတွေကို အကာအကွယ်ယူပြီး နယ်မြေရှင်းလင်း ရေး ဆောင်ရွက်နေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖမ်းသွားတာက အမျိုးသမီး၊ အမျိုးသားအရွယ်စုံပေါ့။ သူတို့ကို စစ်ယူနီဖောင်းတွေ ဝတ်ပြီး စစ်ကြောင်းကြားထဲ ညှပ်ပြီး ခေါ်သွားတယ်လို့ သိရတယ်။ သူတို့ကို PDFက ကြားဖြတ်တိုက်ခိုက်မှာကြောက်လို့ ဒေသခံတွေကို ပြန်မလွှတ်သေးဘဲ လိုရာခရီးကို ရောက်အောင်ခေါ်သွားတဲ့သဘောပေါ့"
ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို စစ်ယူနီဖောင်းဝတ်ပေးပြီး လူသားဒိုင်းအဖြစ် အသုံးချနေ တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တနင်္သာရီတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၂၈ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် အရပ်သား ၁၉,၇၁၀ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ ပါတယ်။