ဒေါ်ဖြူဖြူသင်းရဲ့ HIV/AIDS ဂေဟာ တာဝန်ခံကို စစ်ကောင်စီက ထောင်သုံးနှစ်ချ
2022.12.29

စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာ ပါဝင်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းက ဒေါ်ဖြူဖြူသင်းရဲ့ မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ကူညီစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက် မနေ့က ထောင်သုံးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုရာဇာကို အကြမ်းဖက်မှု ဥပဒေ ပုဒ်မ- ၅၀ (ဂ) နဲ့ အင်းစိန်ထောင်တွင်းတရားရုံးကနေ မနေ့က အမိန့်ချမှတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"ဟုတ်ပါတယ်၊ မနေ့က ထောင်သုံးနှစ် ချလိုက်တာပါ။ အလုပ်မပါဘူးလို့ သိထားပါတယ်။ သူ့ကို စွဲထားတဲ့ ပုဒ်မတွေထဲက ၅၀ (ဂ) တစ်ခုတည်းအတွက်ပဲ ထောင်သုံးနှစ် ပထမဆုံးအကြိမ် ချလိုက်တာပါ။ နောက်ပုဒ်မတွေလည်း ဆက်တိုက်ချမယ်လို့ ကြားပါတယ်"
ကိုရာဇာဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က သူနေထိုင်ရာ ဂေဟာကနေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၀ (ဂ)၊ ၅၀ (ည) နဲ့ ငွေကြေးခဝါချမှု ဥပဒေတွေနဲ့ စစ်ကောင်စီက ဒဂုံမြို့သစ် အရှေ့ပိုင်းရဲစခန်းမှာ အမှုဖွင့်တရားစွဲဆိုခဲ့တာပါ။
မနေ့ကတော့ သူစွပ်စွဲခံထားရတဲ့ ပုဒ်မနှစ်ခုထဲက အကြမ်းဖက်မှု ဥပဒေပုဒ်မ - ၅၀ (ဂ) အတွက် အမိန့်ချခံခဲ့ရတာဖြစ်ပြီး ငွေကြေးခဝါချမှုဥပဒေနဲ့ စွဲဆိုခံထားရတဲ့ အမှုအတွက်ကတော့ ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
အသက် ၄၀ အရွယ် ကိုရာဇာဟာ လက်ရှိအင်းစိန်ထောင်ထဲမှာတော့ ကျန်းမာရေး ကောင်းမွန်နေပြီး လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထောင်စည်းကမ်းနဲ့အညီ နှစ်ပတ်တစ်ခါ ပို့ပေးနေတယ်လို့လည်း ပြောပါတယ်။
ဒဂုံမြို့သစ် အရှေ့ပိုင်းမှာရှိတဲ့ မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ကူညီစောင့်ရှောက်ရေး ဂေဟာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ဖြူဖြူသင်းက ဦးဆောင်ဖွင့်လှစ်ထားတာပါ။ စစ်အာဏာ သိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာ ပါဝင်မှုနဲ့ ဒေါ်ဖြူဖြူသင်းကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့သလို မတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဂေဟာကို ကိုရာဇာကပဲ ဆက်လက်တာဝန်ယူ လုပ်ကိုင်ခဲ့တာပါ။
အဲဒီဂေဟာမှာ ကလေး ၉၀ ကျော်နဲ့ လူကြီး ၇၀ ခန့်၊ စုစုပေါင်း ၁၆၀ ကျော်ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။