မြန်မာပလာဇာက ဆိုင်ခန်းအများအပြား ယာယီပိတ်သိမ်းကြောင်း ကြေညာ

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာပလာဇာ ဈေးဝယ်စင်တာမှာ စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့ ပါရမီလိုင်းကားကိုမစီးဖို့ မနေ့ညနေက စာတန်းကိုင် ဆန္ဒပြခဲ့တဲ့ လူငယ်တွေကို အဲဒီစင်တာက လုံခြုံရေးဝန်ထမ်းတချို့က ရိုက်နှက်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ မြန်မာပလာဇာ ဈေးဝယ်စင်တာမှာ ဆန္ဒပြလူငယ်များကို တွေ့ရစဉ်။ Photo: CJ

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာပလာဇာ ဈေးဝယ်စင်တာမှာ စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့ ပါရမီလိုင်းကားကိုမစီးဖို့ မနေ့ညနေက စာတန်းကိုင် ဆန္ဒပြခဲ့တဲ့ လူငယ်တွေကို အဲဒီစင်တာက လုံခြုံရေးဝန်ထမ်းတချို့က ရိုက်နှက်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်အပြီးမှာပဲ မြန်မာပလာဇာထဲမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းအများအပြားက ဆိုင်တွေကို ယာယီပိတ်သိမ်းကြောင်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ ကြေညာခဲ့ကြပါတယ်။

မနေ့က ဆန္ဒပြလူငယ် ခုနစ်ဦးထဲက ယောက်ျားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးတို့ကို လုံခြုံရေး ဝန်ထမ်း တွေက ရိုက်နှက်ခဲ့တာဖြစ်ပြီး ကြမ်းပြင်ပေါ်မှာ ချုပ်ပြီး အရိုက်ခံရတာကြောင့် ဒဏ်ရာတွေလည်း ရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဆန္ဒပြလူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပလာဇာက အနူးအညွတ်တောင်းပန်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ မနေ့ကညပိုင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပလာဇာအနေနဲ့ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ ပြောဆို ဆောင်ရွက်မှုတွေအပေါ် တားဆီးပိတ်ပင်တဲ့ မူဝါဒမရှိကြောင်းနဲ့ လုံခြုံရေး ဝန်ထမ်းတွေက မသင့်တော်လွဲမှားစွာ ပြုမူဆောင်ရွက်ခဲ့တဲ့အတွက် အထူးပင်စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားပါတယ်။ အဲဒီလိုကိစ္စမျိုး ထပ်မံ မဖြစ်ပွားစေဖို့ တာဝန် ရှိသူတွေအတွက် ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ တာဝန်ခံမှုတွေ တိုးမြှင့်သွားမယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ Army Representing Myanmar Society (A.R.M.S) အဖွဲ့ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူငယ်တွေကို အကြမ်းဖက်တဲ့အပေါ် လုံခြုံရေးဝန်ထမ်း တွေနဲ့ ဈေးဝယ်စင်တာကို ပြင်းထန်စွာ တုံ့ပြန် တိုက်ခိုက်သွားမှာဖြစ်ကြောင်း၊ ပြည်သူတွေအနေနဲ့လည်း မြန်မာပလာဇာကို သွားရောက်လည်ပတ် ဈေးဝယ်တာတွေ တတ်နိုင်သမျှရှောင်ကြဉ်ကြဖို့နဲ့ ကုန်တိုက်အတွင်း ထိခိုက်သေဆုံးမှု တွေကို တာဝန်ယူမှာ မဟုတ်ကြောင်း အတိအလင်းအသိပေးတယ်လို့ (A.R.M.S) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org