ရန်ကုန်မြို့သစ်ဖံ့ွဖြိုးရေး ကုမ္ပဏီလီမိတက် NYDC ဖွဲ့စည်း
2018.03.31

ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် ရန်ကုန်မြို့သစ်ဖံ့ွဖြိုးရေး ကုမ္ပဏီလီမိတက် NYDC ကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
ရန်ကုန်မြစ် အနောက်ဘက်ကမ်းတစ်ကြောလုံး ဖံ့ွဖြိုးတိုးတက်ပြီး အလုပ်သမား ၂ သန်းလောက်ကို အလုပ် အကိုင်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီနေ့ ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပတဲ့ ကုမ္ပဏီတည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့ပါတယ်။
အဲဒီကုမ္ပဏီမှာ ရန်ကုန်တိုင်းအစိုးရအဖ့ွဲ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒုတိယ ဥက္ကဋ္ဌအဖြစ် စီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေက ဆောင်ရွက်မှာဖြစ်ပါတယ်။
အစိုးရက ဘဏ္ဍာငွေကြေးအရ ထည့်ဝင်မှာမဟုတ်ဘဲ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပြည်သူတွေ၊ အစိုးရကြား ပူးပေါင်းဆောင်ရွက်တဲ့ပုံစံနဲ့ ဆောင်ရွက်မှာဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် NYDC ကုမ္ပဏီက လိုအပ်တဲ့အကူအညီတွေ စီမံခန့်ခွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကုမ္ပဏီဟာ အစိုးရအဆက်ဆက်ရှိခဲ့တဲ့ ကြိုးနီစနစ်တွေ မရှိဘဲ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။
ဒါ့အပြင် ကုမ္ပဏီဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေဟာ ကိုယ်ကျိုးမဖက်ဘဲ ပါဝင်ကူညီတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ဒီစီမံကိန်းမှာ ဝင်ရောက်လုပ်ကိုင်လို့ ရမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်ကစပြီး အကောင်အထည်ဖော်ဖို့ ပြင်ဆင်ခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို လက်ရှိအစိုးရ လက်ထက်မှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ ကြည့်မြင်တိုင် အနောက်ဘက်ကမ်းက မြေဧက ၂ သောင်းခန့်မှာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။