အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာကြီးမင်းယုဝေ ကွယ်လွန်
မြန်မာ့စာပေလောကမှာထင်ရှားတဲ့ အသက် ၉၃ နှစ်ရွယ်ရှိ စာရေးဆရာကြီးမင်းယုဝေဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဒီကနေ့မှာ ကွယ်လွန်သွားတယ်လို့ စာရေးဆရာအသိုင်းအဝိုင်းက ပြောပါတယ်။
ဆရာကြီး မင်းယုဝေကွယ်လွန်တာဟာ မြန်မာစာပေလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ စာရေးဆရာ ဇော်ခိုင်ဦးက မှတ်ချက်ပြုပါတယ်။
“ မြန်မာစာပေနဲ့ ပတ်သက်ပြီးတော့ အင်မတန်တန်ဖိုးကြီးတဲ့ စာပေတွေ ရေးပေးသွားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အလွန်နှမြောတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက နတ်နေကိုင်းပဲ၊ ဒီဘက်ခေတ်မှာ ဆရာကြီးမင်းယုဝေလို ပုဂ္ဂိုလ်မျိုးက ဆရာတို့အတွက် ပြန်မရနိုင်တော့ဘူး။ အဲဒီအတွက် စာပေသမားတစ်ယောက်အနေနဲ့ အလွန်ဝမ်းနည်းတယ်။ မြန်မာစာပေလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်တယ်”
စာရေးဆရာကြီး မင်းယုဝေရဲ့ အမည်အရင်းက ဦးဝင်းမောင်ဖြစ်ပြီး ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့မှာ ၁၉၂၈ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သူရဲ့ဇနီးဟာလည်း ထင်ရှားတဲ့ ကဗျာဆရာမကြီး ငွေတာရီဖြစ်ပါတယ်။
၆ တန်းကျောင်းသားအရွယ်ကတည်းက ကဗျာ၊ ဝတ္တုတိုတွေစတင်ရေးသားခဲ့ပြီး ၁၉၄၄ ခုနှစ် ပုသိမ်ခရိုင် အာရှလူငယ်အစည်းအရုံး ညီလာခံ (ကျုံပျော်မြို့) အထိမ်းအမှတ် စာပေပြိုင်ပွဲမှာ ဆောင်းပါး ပထမဆုရရှိခဲ့ပါတယ်။
၁၉၇၂-ခုနှစ်မှာ"ရေခပ်ချိန်ကဗျာများ"စာအုပ်နဲ့ အမျိုးသားစာပေဆုရရှိခဲ့ပြီး ၂၀၁၂ခုနှစ်မှာအမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အဲဒီအပြင် တစ်သက်တာ ဓမ္မစာပေဆုနဲ့ သုတစွယ်စုံ တစ်သက်တာ စာပေဆုတွေကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။
ငွေတာရီမဂ္ဂဇင်း တာဝန်ခံစာတည်း၊ မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၊ စာပေဗိမာန် စာပေဆုနဲ့ အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဝင်၊ ကျောင်းသုံးစာအုပ်ကော်မတီအဖွဲ့ဝင် စတဲ့ အလုပ်တာဝန်များကိုလည်း ရယူလုပ်ကိုင်ခဲ့ပါတယ်။
ကလေးသူငယ်တွေကို ယဉ်ကျေးလိမ္မာစေဖို့အတွက် ရည်ရွယ်ထုတ်ဝေတဲ့ မင်္ဂလာမောင်မယ် စာစောင်ရဲ့ အယ်ဒီတာချုပ် အဖြစ်လည်း ၁၉၈၉ ခုနှစ်ကနေ ယခုကွယ်လွန်ချိန်ထိ တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။
ဘဝမာလာ ကဗျာများ၊ အီစွတ်ပုံပြင်များ၊ ကျဉ်းထဲကျပ်ထဲ၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာပုံပြင်များ၊ ကဗျာဆရာမကြီး ငွေတာရီနဲ့ တွဲဖက်ထုတ်ဝေတဲ့ ရတနာကဗျာများ၊ ကဗျာဆရာကြီး မင်းသုဝဏ်နဲ့တွဲဖက်ထုတ်ဝေတဲ့ ကဗျာပရိယာယ် စတဲ့ စာအုပ်တွေက စာရေးဆရာကြီး မင်းယုဝေရဲ့ ထင်ရှားတဲ့စာအုပ်တွေ ဖြစ်ပါတယ်။