အလုပ်သမား အငြင်းပွားမှု ဥပဒေကြမ်းပါ အချက် ၂ ချက်ပြင်ပေးဖို့ တောင်းဆို
2017.05.31

အလုပ်သမားဝန်ကြီးဌာနကနေ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို မနေ့က တင်ပြလိုက်တဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ အချက်၂ ချက်ကို ပြင်ဆင်ပေးဖို့ အလုပ်ရှင်တွေက တောင်းဆိုထားတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ပြုလုပ်တဲ့ အလုပ်သမား ဥပဒေများ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲမှာ အလုပ်ရှင်တွေဘက်က ပြင်ဆင်ပေး ဖို့ တောင်းဆိုထားတဲ့ အချက် ၂ ချက်နဲ့ပတ်သက်ပြီး ဒေါ်ခိုင်ခိုင်နွယ်က အခုလိုပြောတာပါ။
"ဥပဒေကြမ်းထဲမှာ အလုပ်ရှင်များကို ထောင်ဒဏ်လို့ချထားတာရှိပါတယ်၊ အလုပ်ရှင်တွေအနေနဲ့ ဒီဟာကို ပယ်ဖျက်ဖို့အတွက် တောင်းဆိုထားတာရှိပါတယ်"
ဒါ့အပြင် လက်ရှိဥပဒေကြမ်းဟာလည်း အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးရေးဆွဲထားတာ မဟုတ်လို့ အစိုးရအနေနဲ့ လွှတ်တော် ကော်မရှင်ကို တင်ပြရုံပဲ တင်ပြလို့ရတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ကပြောပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်ကတော့ စက်ရုံအလုပ်ရုံတွေပိတ်သွား ရင် အဲဒီစက်ရုံပိုင်ရှင်တွေက အခြားအလုပ်ပြောင်းလုပ်လို့ရလို့ အခက်အခဲမရှိနိုင်ပေမယ့် အလုပ်သမားတွေ မှာတော့ အခက်အခဲဖြစ်နိုင်တာကြောင့် ဥပဒေတွေရေးဆွဲတဲ့အခါ နှစ်ဦးနှစ်ဖက်မျှတအောင်ကြည့်ပြီးမှ ဆွဲဖို့လိုတယ်လို့ အကြံပြုပါတယ်။
၂ဝ၁၆ ခုနှစ်ထဲမှာ တစ်နိုင်ငံလုံး အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုကြောင့် ခုံသမာဓိကောင်စီမှာဖြေရှင်းပေး ခဲ့ရတဲ့အမှု ၁၂၃၈ ခုရှိကာ ၂၀၁၇ ခုနှစ် မတ်အလအထိလည်း အမှုပေါင်း ၃ဝ၅ ခုရောက်လာခဲ့ပါတယ်၊ အဲဒီအ မှုတွေထဲမှာ ခုံသမာဓိကောင်စီမှာပြေလည်မှုမရလို့ နောက်ဆုံးအဆင့်ခုံကောင်စီကို ၄၈မှု ရောက်ခဲ့တယ်လို့ အလုပ်သမား ညွှန်ကြားရေးမှူးဦးစီးဌာန စာရင်းဇယားတွေအရ သိရပါတယ်။