ကလေးစစ်သားစုဆောင်းတာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ မလုပ်ဖို့ WKC တိုက်တွန်း
TNLA နဲ့ MNDAAတို့အနေနဲ့ ကလေးစစ်သားစုဆောင်းတာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ ဖိနှိပ်ချုပ်ချယ်တာတွေမလုပ်ဖို့ WKCက တိုက်တွန်းလိုက်ပါတယ်။
-
RFA Burmese
2024-02-16 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြို့တွေသိမ်းဆည်းပြီး အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့အနေနဲ့ ဒေသခံတွေကို ကလေးစစ်သားစုဆောင်းတာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ ဖိနှိပ်ချုပ်ချယ်တာတွေမလုပ်ဖို့ ပြည်ပရောက် ကချင်လူမျိုးများကွန်ဂရက် (WKC)က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ဆပ်စတိတ်(မုန်မြစ်ဆင်လီ) မှာနေထိုင်ကြတဲ့ ကချင်တိုင်းရင်းသားတွေနဲ့ အဲဒီဒေသမှာ လက်ရှိယာယီအုပ်ချုပ်နေတဲ့ MNDAA နဲ့ TNLA တပ်ဖွဲ့တွေအကြားမှာ ခွင့်မလွှတ်နိုင်လောက်တဲ့ ဖိနှိပ်မှုတွေနဲ့ ကြီးမားတဲ့ အမှားတွေမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့လည်း ရေးသားထားပါတယ်။
ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့မယ်ဆိုရင်လည်း ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမဆို တရားဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။
ကိုယ့်လူမျိုးတစ်ခုတည်း လွတ်မြောက်ဖို့အတွက် နယ်မြေတွေရဖို့ စစ်အာဏာရှင်နဲ့ ပူးပေါင်းတာတွေ မလုပ်ဖို့လည်း ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အခြေအနေ အသေးစိတ်ကို သိရဖို့ TNLA နဲ့ MNDAA တာဝန်ရှိသူတွေအပြင် WKC အဖွဲ့ကိုလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်း ၂၀ လောက်ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီရဲ့ စခန်းပေါင်း ၂၀၀ လောက်ကိုလည်း သိမ်းယူထားပါတယ်။