အရှင် ဝီရသူ ရုပ်ရှင် ဝေဖန်ရေးသမားတွေ စိတ်ဝင်စား
2017.05.25

အမုန်းတရားတွေဟောကြားတဲ့ အရှင်ဝီရသူ နာမည်ကတင်ပဲ ကြောက်ရလွန်းလို့ ရုပ်ရှင်ကား နာမည်ကို ဦးဝီရသူ ဘွဲ့ကို အင်္ဂလိပ်လိုရေးတဲ့ အတိုကောက် W လို့ ပေးရပါတယ်လို့ ဦးဝီရသူအကြောင်း မှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ဆွစ်လူမျိုး ရုပ်ရှင်ဒါရိုက်တာ Barbet Schroeder က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
သူဟာ ယူဂန္ဓာ စစ်အာဏာရှင် ဘုန်းမီးနေလတောက်ချိန်က အိုင်ဒီအာမင်နဲ့ လနဲ့ချီတွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်ကြီး အိုင်ဒီ အာမင် ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ အိုင်ဒီ အာမင် တန်ခိုးထွားခဲ့ချိန်ကဆို မြို့တော် ကမ်ပါလာမှာရှိတဲ့ ဝိတိုရိယကန်စပ်မှာ မနက်တိုင်းအလောင်းတွေ မျောပါလာပြီး သူ့ဆန့်ကျင်သူတွေကို အိုင်ဒီအာမင်က စားတယ်လို့ ကောလာဟလ သတင်းလည်း ထွက်ခဲ့တာပါ။
ဒီလို ဒုစရိုက်ကြီးမားတဲ့ လူကို ဆယ်စုနှစ်ချီပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ဝါရင့် ဒါရိုက်တာဟာ ဦးဝီရသူလို့ ဘွဲ့အမည်ရ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးတပါးလောက် ဘယ်သူ့ ကိုမှ မကြောက်ခဲ့ဖူးဘူးလို့ ပြောပါတယ်။
The Venerable W ဆိုတဲ့ ဘုန်းတော်ကြီး W မှတ်တမ်းရုပ်ရှင်ဟာ မွတ်ဆလင်ရိုဟင်ဂျာတွေကို တိုက်ခိုက်ဖို့ နှိုးဆော်ပြီး အမုန်းစကား- အမုန်းတရားဟောတယ်လို့ စွပ်စွဲခံရတဲ့ အရှင်ဝီရသူ အကြောင်း ရိုက်ကူးထားတာလည်း ဖြစ်ပြီး ပြင်သစ် Cannes ရုပ်ရှင်ပွဲတော်အကြောင်း ဝေဖန်သူတွေ နှစ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဆိုတာ ငြိမ်းချမ်းရေး၊ အသိအမြင်မှန်ကန်ရေးနဲ့ နားလည်မှုတွေရှိရမယ်လို့ သူယူဆတယ်လို့ ပြော ပါတယ်။
ဒါပေမဲ့ မန္တလေးက ဘုန်းကြီးကျောင်းကနေ ဦးဝီရသူက မွတ်ဆလင်တွေကို စွပ်စွဲရင်း အမုန်းစကားတွေနဲ့ သတင်းမှားတွေ ဖြန့်တာတွေကြောင့် ဒါရိုက်တာ Barbet Schroeder နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
၁၉၄၁ ခုနှစ်ဖွား ဘာဘဲ ရှရိုးဒါးဟာ အိန္ဒိယကို ဘုရားဖူးသွားပြီး အသက် ၂၀ မှာ ဗုဒ္ဓဘာသာဝင်ဖြစ်လာပါတယ်။