လွိုင်ကော်မြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် ငါးဦးဒဏ်ရာရ
လွိုင်ကော်မြို့နယ်မှာ စစ်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး ကလေးသုံးဦးပါအဝင် အရပ်သားငါးဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-11-01 -
-
-
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေ ရပ်ရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး ကလေးသုံးဦးပါအဝင် အရပ်သားငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အခြေစိုက် ခလရ - ၅၃၀ တပ်ကနေ အောက်တိုဘာ ၂၉ နဲ့ ၃၀ ရက်နေ့တွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လွိုင်လင်လေးမြို့နဲ့ အနီးတစ်၀ိုက်မှာနေထိုင်တဲ့ အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက်ဆယ်နှစ်ဝန်းကျင်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရခဲ့တာပါ။
ဒီ့အပြင် ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးနဲ့ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး သူတို့ရဲ့ နာမည်တွေကိုတော့ လုံခြုံရေးအရ မဖြေဆိုနိုင်ဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
တိုက်ပွဲ ဖြစ်တာမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ ရပ်ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ အမြဲလိုလို လုပ်နေတာလို့လည်း KNDF ပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။
“လူတွေနေထိုင်နေသေးတဲ့ ကျေးရွာတွေကို ပစ်ထည့်တော့ အိမ်တွေကို ထိတယ်။ အဲဒီနားမှာ ဆော့နေတဲ့ ကလေးတွေထိတယ်။ လူကြီးတွေလည်း ထိတာပေါ့။ စစ်ကောင်စီက လူနေတဲ့ နေရာတွေ၊ စစ်ရှောင်စခန်းတွေလည်း မရှောင်ဘူး အရပ်သားပြည်သူတွေကိုပါ ရန်သူသဖွယ် သတ်မှတ်တယ်လို့ ပြောလို့ရတယ်။ တစ်ချိန်လုံး ပစ်နေတဲ့ လက်နက်ကြီးကို လူထုရှိတယ်၊ မရှိတယ် ခေါင်းထဲ မတွက်ဘူးပေါ့”
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီ၊ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီရက်ပိုင်းတွေမှာတော့ ဖရူဆို၊ ဘောလခဲနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလည်း ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ဂရုပြု သွားလာ၊ နေထိုင်ကြဖို့ KNDF က ထုတ်ပြန်ထားပါတယ်။
RFA ရဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာအထိ နိုင်ငံတစ်ဝန်းမှာ အရပ်သား ၈၁၆ ဦးသေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရခဲ့ပါတယ်။