ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရ
ကျောက်ကြီးမြို့နယ် သမင်အင်းကုန်းရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လူလေးဦး ဒဏ်ရာရခဲ့ပါတယ်။
- 2024-07-01
-
-
-
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် သမင်အင်းကုန်းရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လူလေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ် ခလရ -၂၆၄ က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သမင်အင်းကုန်းရွာခံ အသက် ၄၆ နှစ်အရွယ် ဦးချစ်ကို၊ အသက် ၇၂ နှစ်အရွယ် ဦးမျိုးမြင့်နဲ့ နောက်ထပ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဇွန်လ ၂၉ ရက်နေ့မှာလည်း ခလရ-၂၆၄ က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် သမင်အင်းကုန်းရွာထဲကို ထပ်မံကျရောက်ပေါက်ကွဲလို့ အသက် ၄၈ နှစ်အရွယ် ဒေါ်တင်ဌေး ဒဏ်ရာရခဲ့တယ်လို့ KNU က ပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်မှုအပြင် ရွာကနေအိမ်တချို့လည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၂ ရက်နေ့ကတော့ ကျောက်ကြီးမြို့နယ် သဲကုန်းရွာက အသက် ၅၃ နှစ်အရွယ် ဒေါ်မိုးမိုးကို စစ်ကောင်စီတပ် ခမရ (၆၀) က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
ဇွန်လ ၂၈ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးပစ်ခတ်မှုကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့တယ်လို့ (KNU) ဗဟိုက ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။