အမ်းမြို့က စွေ့ချောင်းရွာ လက်နက်ကြီးကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီး

RFA Burmese
2024.04.28
အမ်းမြို့က စွေ့ချောင်းရွာ လက်နက်ကြီးကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီး ရခိုင်ပြည်နယ်၊ အမ်းမြို့အဝင်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက ချင်းတိုင်းရင်းသားအများစုနေထိုင်တဲ့ စွေ့ချောင်းရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တွေအားလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒီအခြေအနေကိုသိတဲ့ အမ်းမြို့ခံတွေက RFA ကို ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့ကတည်းက စွေ့ချောင်းရွာအနီးက အင်အားခြောက်ရာကျော်တဲ့ စစ်ကောင်စီတပ်ရဲ့ တောဟိန်းတောင်ဗျုဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးတွေကြောင့် စွေ့ချောင်းရွာက နေအိမ်နှစ်ရာနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ အမည်မဖော်လိုတဲ့ အမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"နေအိမ် နှစ်ရာလောက်ရှိတာကို နှစ်ရာလုံးပဲ လောင်သွားတဲ့ သဘောပဲ။ တစ်အိမ်စ၊ နှစ်အိမ်စပဲ ကျန်ခဲ့တယ်။ အဲဒီရွာကလည်း တောဟိန်းတောင်ဗျုဟာကို သိမ်းကတည်းက ရွာကနေ တိုက်ပွဲရှောင်လိုက်ကြပြီ။ နှစ်ဖက်တိုက်ပွဲက ပြင်းထန်တော့ ဟိုကလည်းပစ်၊ ဒီကလည်းပစ်နဲ့ နေအိမ်တွေကိုကျပြီး မီးလောင်တာ။ ဘယ်သူမှ မရှိတဲ့အချိန် မီးလောင်တော့ ပိုဆိုးတာပေါ့"

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် စွေ့ချောင်းရွာက ဒေသခံ ခုနစ်ရာကျော် ဒီနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် စွေ့ချောင်းရွာဒေသခံတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေ ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မှုပြင်ပရောက်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။