ဧရာဝတီမြစ်အောက်ပိုင်းက မြို့ ခုနစ်မြို့မှာ မြစ်ရေကြီးလာနိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်

ဧရာဝတီမြစ်အထက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး မြစ်လယ်ပိုင်းနဲ့ မြစ်အောက်ပိုင်းက မြို့ခုနစ်မြို့မှာလည်း မကြာခင် စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မော်လိုက်မြို့နယ်တွင် ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဥ်။ Citizen Photo

ဧရာဝတီမြစ်အထက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး မြစ်လယ်ပိုင်းနဲ့ မြစ်အောက်ပိုင်းက မြို့ခုနစ်မြို့မှာလည်း မကြာခင် စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ဇူလိုင်လ ၁၃ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ခြောက်နာရီခွဲအချိန် တိုင်းထွာချက်အရ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေပြီး နောက်သုံးနာရီကနေ နှစ်ရက်အတွင်း အဲဒီမြို့အသီးသီးရဲ့ စိုးရိမ်ရေမှတ်တွေကို ရောက်ရှိမယ်လို့ ဆိုပါတယ်။

ငန်ဝန်မြစ်ရေ မြင့်တက်မှုကြောင့်လည်း ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲခန့်မှာရောက်နေပြီး နောက်နှစ်ရက်အတွက် စိုးရိမ်ရေမှတ်ကို ရောက်ရှိမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဧရာဝတီ၊ ချင်းတွင်းနဲ့ ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုတွေကြောင့် မြို့ပေါင်း ၁၉ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ရေကြီးရေလျှံမှုတွေ ကြုံနေရတယ်လို့လည်း မိုး/ဇလ ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လကုန်ပိုင်းကစလို့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် လူသောင်းချီ ရွှေ့ပြောင်းရတာ၊ နေအိမ်တွေ မျောပါပျက်စီးတာ၊ စိုက်ခင်းတွေ ပျက်စီးတာ၊ တံတားကျိုးကျပြီး ကုန်သွယ်ရေးလမ်းတွေ ပြတ်တောက်တာနဲ့ လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org