တစ်ပတ်ကြာသည်အထိ ကိုဝေမိုးနိုင်နှင့် အဆက်အသွယ်မရသေး

2021.04.21
တစ်ပတ်ကြာသည်အထိ ကိုဝေမိုးနိုင်နှင့် အဆက်အသွယ်မရသေး ကိုဝေမိုးနိုင် ဖမ်းဆီးခံရပြီးနောက် Facebook မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံ။
Photo-CJ

မုံရွာမြို့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးထားတာ တစ်ပတ်တိတိရှိပြီဖြစ်ပေမယ့် အခုချိန်ထိ တွေ့ဆုံခွင့်မရသေးဘူးလို့ အမှုလိုက်ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောပါတယ်။

ကိုဝေမိုးနိုင်ကို လူသတ်မှု၊ နိုင်ငံမငြိမ်သက်အောင် လှုံ့ဆော်မှု စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆို ထားတာပါ။

ကိုဝေမိုးနိုင်နဲ့အတူ လူသတ်မှုနဲ့ စွပ်စွဲတရားစွဲခံထားရသူ အယောက် ၄၀ ကို ဒီကနေ့ ရုံးထုတ်ရမန်ယူခဲ့ပေမယ့် ကိုဝေမိုးနိုင်တော့ မပါလာဘူးလို့ အမှုလိုက်ရှေ့နေက ပြောပါတယ်။

ကိုဝေမိုးနိုင်ကို ဧပြီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ အရပ်ဝတ်တပ်သားတွေက ကိုဝေမိုးနိုင်စီးလာတဲ့ ဆိုင်ကယ်ကို အိမ်စီးကားနဲ့ တိုက်ပြီး ဖမ်းဆီးသွားတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့နေ့ကစပြီး ဒီနေ့ ဧပြီလ ၂၁ ရက်နေ့အထိ ဘယ်မှာဖမ်းဆီးထားလဲ တိတိကျကျ မသိရသေးသလို အဆက်အသွယ်မရသေးတာကြောင့် မိသားစုတွေနဲ့ တော်လှန်ရေး ရဲဘော် ရဲဘက်တွေက စိုးရိမ်နေကြတယ်လို့ ပြောကြပါတယ်။

မတ်လ ၂၅ ရက်နေ့က မုံရွာမြို့မှာ ရဲသားနှစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ကိုဝေမိုးနိုင် အပါအဝင် အယောက် ၄၀ ကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားပြီး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့လည်း တရားစွဲထားသလို နောက်ထပ် ပုဒ်မတွေတပ်တိုးတရားစွဲထားတာလည်း ရှိတယ်လို့ ရှေ့နေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။