ရခိုင်ပြည်နယ်အရေး အာဆီယံမှာ ဆွေးနွေးမည်
2018.04.24

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ဗီဗီယန် ဘာလားကရစ်ရှန် က ရခိုင်ပြည်နယ်မှာ လူသားတွေရဲ့ကြေကွဲစရာ ပဋိပက္ခတခု ဖြစ်ပွားနေတာကို မိမိတို့ သက်သေထင်ရှား မြင်တွေ့နေရပါတယ်လို့ မနေ့ကပြောပါတယ်။
အာဆီယံ အဖွဲ့အနေနဲ့ ဆူပူမငြိမ်မသက်မှုတွေ အဆုံးသတ်ရေးနဲ့ အကူအညီပေးရေးတွေကို အာရုံစိုက်လုပ်ဆောင် မှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ တာဝန်ယူမှုနဲ့ တာဝန်သိမှုတွေကတော့ မြန်မာအစိုးရအပေါ်မှာ မူတည်ပါတယ်။ သူတို့အနေနဲ့ ဒီပြဿနာကို နိုင်ငံရေးအရ အဖြေရှာရပါလိမ့်လို့ ပြောကြားခဲ့ပါတယ်။
စင်္ကာပူနိုင်ငံမှာ လာမယ့်စနေနေ့ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာပြည်က ပဋိပက္ခ၊ ဒေသတွင်းက ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ တောင်တရုတ်ပင်လယ်က တင်းမာမှုတွေကို အဓိက ဆွေးနွေးကြဖွယ်ရှိပေမယ့် ထူးခြားတိုးတက်တဲ့ ရလဒ်တစ်စုံတရာ ဖြစ်ထွန်းစရာမရှိဘူးလို့ ဝေဖန်သူတွေက ဆိုပါတယ်။
ဒီညီလာခံနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အနေနဲ့ ဒေသတွင်းပြသနာတွေကို ဘာကြောင့် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မဖြေရှင်းနိုင်တာလဲလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ဗီဗီယန် ဘာလားကရစ်ရှန်ကို သတင်းထောက်တွေက မေးမြန်းရာမှာ မိမိတို့အာဆီယံဟာ မတူကွဲပြား တဲ့နိုင်ငံတွေကို စုပေါင်းထားတာဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး တညီတညွတ်သဘောတူမယ့်အချက်ကို လုပ်ကိုင်ဆောင်ရွက်မှပဲ အကျိုးဖြစ်ထွန်းနိုင်ပါတယ်လို့ ဖြေကြားပါတယ်။