မြန်မာမှာ အကြမ်းဖက်ဖိနှိပ်မှုတွေ မြင့်တက်လာကြောင်း ကုလကိုယ်စားလှယ် တင်ပြ

RFA Burmese
2025.03.20
မြန်မာမှာ အကြမ်းဖက်ဖိနှိပ်မှုတွေ မြင့်တက်လာကြောင်း ကုလကိုယ်စားလှယ် တင်ပြ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ရစဉ်။
REUTERS

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ ပိုပြီးမြင့်တက်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ အစီရင်ခံစာ တင်ပြခဲ့တယ်လို့ ဂျီနီဗာကုလသမဂ္ဂရုံး (UNOG) က မတ်လ ၂၀ ရက်နေ့မှာ ဖော်ပြပါတယ်။

အစီရင်ခံစာအသစ်ကို အခုသီတင်းပတ်အတွင်း တင်ပြခဲ့ပြီး မြန်မာနိုင်ငံကပြည်သူတွေဟာ ၂၀၂၅ ခုနှစ်မှာ အဓိကစိန်ခေါ်မှုနှစ်ရပ်နဲ့ ကြုံတွေ့နေရကြောင်း ဖော်ပြထားပါတယ်။

အဲဒီစိန်ခေါ်မှုတွေက ပြည်တွင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ မြင့်တက်လာတာနဲ့ နိုင်ငံတကာက ထောက်ပံ့ကူညီမှုတွေ ရုတ်တရက် ရုပ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှု၊ ရွာတွေကို လေကြောင်းတိုက်ခိုက်မှု၊ ဒေသခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမြင့်တက်လာတယ်လို့ ဖော်ပြပါတယ်။ အရပ်သားနေအိမ် တစ်သိန်းကျော်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ပံ့ကူညီမှုကို ရုပ်သိမ်းလိုက်တာက မြန်မာပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ပိုဆိုးရွားသွားစေပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ပါ ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို အခိုင်အမာကာကွယ်ပေးကြဖို့ မစ္စတာ တွမ် အင်ဒရူးရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

ဒီအစီအရင်ခံစာနဲ့ပတ်သက်လို့ စစ်ကောင်စီသဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။