ဦးကိုနီ သတ်ဖြတ်ခံရမှု ရဲတပ်ဖွဲ့ကို ဦးတင်ဦး ပြစ်တင်ဝေဖန်
2017.02.01

ရှေ့နေ ဦးကိုနီ ကို ရန်ကုန်လေဆိပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့လုပ်ကိုင်ဆောင် ရွက်နေပုံတွေဟာ အင်မတန်အားနည်းပြီး နှေးကွေးနေတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အမှုမှန်ပေါ်ပေါက်ရေး ကို ထိခိုက်နိုင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက သူရဦးတင်ဦး က ပြစ်တင်ဝေဖန်လိုက် ပါတယ်။
လေဆိပ်လုံခြုံရေး ပျက်ကွက်ခဲ့မှုအတွက် သက်ဆိုင်သူတွေကို ထိရောက်စွာအရေးယူဖို့လိုသလို လူထုကို သတင်း မှန်တွေ အချိန်နဲ့တပြေးညီထုတ်ပြန်အသိပေးဖို့လည်း အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ သူကပြောပါတယ်။
ဦးကိုနီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေရေးရာ တာဝန်ပေးအပ်မှုတွေကို အကောင်အထည်ဖေါ် လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ တခြားနိုင်ငံတော် အဆင့်မြင့်အရာရှိတွေလိုက်ပါတဲ့ အခုနောက်ဆုံး ခရီးစဉ်ဟာလည်း မြန်မာပြည်မှာ လူမျိုးဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးအတွက် နိုင်ငံခြားမှာ သွားရောက်လေ့လာတဲ့ ထိပ်တန်းခရီးစဉ်ဖြစ်တယ်လို့ RFA ကို မနေ့ညပိုင်းမှာ သူကပြောကြားခဲ့ပါတယ်။
"သင်တန်းဗျာ အောက်ခြေကစပြီး လွှတ်တော်ကိုယ်စားလှယ်အထိ အပင်ပန်းခံပြီးတော့ ရန်ကုန်မှာ မရှိဘူး သူက ရံဖန်ရံခါ ဒေါ်အောင်ဆန်းစုကြည်ဆီ ဆောင်ရွက်စရာရှိလို့ တိုင်ပင်စရာရှိလို့ခေါ်ရင် သူ့ခဗျာ အဲ့ကိုလည်းပြေးရတယ်၊ နောက်နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နားလည်အောင် သိအောင်ပြောဖို့လုပ်ဖို့ဆိုရင်လည်း အစည်းအဝေးတွေမှာ အဖွဲ့နဲ့သွားတယ်၊ အခုလည်းပဲဗျာ အမြင့်ဆုံးအဖွဲ့ပေါ့ဗျာ ဦးဖေမြင့် ခေါင်းဆောင်ပြီးသွားတဲ့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ တိုင်းပြည်နိုင်ငံအသီးသီးပေါ့ဗျာ နားလည်သဘောပေါက်အောင်သွားကြဖို့ နောက်ပြီးဟိုမှာလည်းပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့အရင်တုန်းက ဘာသာရေးအရဖြစ်ခဲ့တဲ့နေရာတွေရှိတယ်၊ အဲ့မှာဖြစ်တုန်း ကဖြစ်ပြီးတော့ ကိုင်တွယ်တဲ့နေရာမှာ အေးချမ်းပြီးတော့ နောက်ပိုင်းမှာတယောက်နဲ့တယောက် ယုံယုံကြည်ကြည်နဲ့ ဆက်လက်ပြီးတော့ နှစ်အကြာကြီးနေလာတဲ့ကိစ္စတွေကို လေ့လာဖို့သွားကြတာပဲ"
ဦးကိုနီ သေဆုံးမှုဟာ နိုင်ငံအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်သလို အခုလူသတ်မှုမှာ အသက်အသေခံပြီး တရားခံကို ဖမ်းဆီးပေးခဲ့တဲ့ အငှားယဉ်မောင်းသူ ဦးနေဝင်းကိုလည်း ဂုဏ်ပြုရမှာဖြစ်တယ်လို့ ဦးတင်ဦး က ပြောပါတယ်။ NLD ရုံးချုပ်မှာ လုံခြုံရေးတိုးမြှင့်ဖို့အတွက် မနေ့က တိုင်ပင်ဆွေးနွေးကြပြီး အစီအစဉ်တွေ ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဦးတင်ဦးနဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။