ဒေါက်တာနေစိုးမောင်နဲ့အတူ ဆရာဝန်လူငယ် ၁၁ ယောက်ကိုစစ်ဆေးနေ
သူတို့ထဲက တချို့ကို မိသားစုနဲ့ ဖုန်းပြောခွင့်ပေးတယ်လို့ဆိုပါတယ်။ ဒါကြောင့် ပြန်လွတ်လာမလားဆို ပြီး မိသားစုတွေက မျှော်လင့်နေကြပါတယ်။
-
RFA Burmese
2024-10-25 -
-
-
အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်နဲ့အတူ ကျန်းမာရေးဆိုင်ရာပရဟိတ ဆောင်ရွက်နေတဲ့ အထက်မြန်မာပြည်ကဆရာဝန်ငယ်တွေနဲ့ လူငယ် စုစုပေါင်း ၁၁ ယောက်ကို စစ်ကောင်စီက ထိန်းသိမ်းစစ်ဆေးနေတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူက RFA ကိုပြောပါတယ်။
သူတို့ထဲက တချို့ကို မိသားစုနဲ့ ဖုန်းပြောခွင့်ပေးတယ်လို့ဆိုပါတယ်။ ဒါကြောင့် ပြန်လွတ်လာမလားဆို ပြီး မိသားစုတွေက မျှော်လင့်နေကြပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ NLD ဒုခေါင်းဆောင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်ဆွမ်းကျွေးပွဲသွားရောက်ခဲ့သလို၊ ဒေါက်တာဇော်မြင့်မောင်ကို လေးစားတဲ့အကြောင်းနဲ့ Live Free ဆိုတဲ့ စာတန်းပါတဲ့ တီရှပ်အင်္ကျီဝတ်ပြီး မန္တလေးနန်းတော် ကျုံးဘေးမှာ ရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ အောက်တိုဘာလ ၈ ရက်နေ့က တင်ခဲ့ပါတယ်။
သူ့ကို နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားအောင် လူမှုကွန်ရက်မှာ လှုံ့ဆော်ရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဒေါက်တာနေစိုးမောင်နဲ့အတူ ဆရာဝန်တွေပါတဲ့လူငယ် ၁၁ ယောက်ကို ထိန်းသိမ်းစစ်ဆေးနေတဲ့အကြောင်းတော့ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ မရသေးပါဘူး။