သံလွင်မြစ်ရေ သုံးစွဲရေးအဆို အမျိုးသားလွှတ်တော် ဆွေးနွေး


2015.06.10
salween-river-620.jpg သံလွင်မြစ်တစ်နေရာကို တွေ့ရစဉ်
Photo: Nay Thwae/RFA

သံလွင်မြစ်ထဲကရေကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေကို တူးမြောင်းတွေ တည်ဆောက်ပြီး လွဲှပြောင်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးရာ တိုင်းရင်းသားကိုယ်စားလှယ် ၂ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၁ဦးက ကန့်ကွက်ကြပါတယ်။

သံလွင်မြစ်ထဲက ရေကို လှိုဏ်ဂူတွေတူးပြီး လွှဲမယ်ဆိုရင် မြစ်ရေလျော့ကျသွားမှာဖြစ်သလို မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ လယ်ယာမြေတွေ ထိခိုက်ပျက်စီးနိုင်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

"ဒီရှမ်းပြည်မြောက်ပိုင်းကနေပြီးတော့ ရေကို ဒီဘက်ကိုလွှဲချလာမယ်ဆိုရင် ရှမ်းပြည်က ၇၅ ရာခိုင်နှုန်းနဲ့ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွက် သံလွင်မြစ်ရဲ့ စီးဆင်းလာတဲ့ရေဟာ လျော့ကျသွား မှာသေချာတယ်၊ သဘာဝပြောင်းလဲမှုက အများကြီးထိခိုက်နိုင်တယ်၊ အထိခိုက်ဆုံးက မွန်ပြည်နယ်၊ ကရင်ပြည်နယ် အထိခိုက်ဆုံးပဲ၊ မွန်ပြည်နယ်က ပိုထိနိုင်တာ ဘာဖြစ်လို့လဲဆိုရင် ရေငန်များလာရင် ကျနော်တို့စိုက်ပျိုးနေတဲ့ လယ်ယာမြေတွေ ပျက်စီးနိုင်တဲ့အခြေအနေရှိတယ်"

ဒီနေ့ ဆွေးနွေးတဲ့ ကိုယ်စားလှယ် ၈ ဦးထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၅ ဦးက ထောက်ခံဆွေးနွေးခဲ့ပါတယ်။

သံလွင်မြစ်က ရေကို အရှည် မိုင်ပေါင်း သုံးရာကျော် လောက်ရှိတဲ့ ရေသွယ်ဥမင်လှိုဏ် ၃ ခု၊ တူးမြောင်း ၃ ခုဖောက်လုပ်ပြီး ရေပြတ်လပ်မှုတွေ၊ ရေကြီးမှုတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းက ဒေသတွေကို လွှဲပြောင်းပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအဆိုကို မနက်ဖြန်မှာ ကျန်တဲ့ကိုယ်စားလှယ် ၉ ဦးက ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။