သံလွင်မြစ်ရေ လွှဲပြောင်းယူရေးအဆို ရှုံးနိမ့်
2015.06.11

သံလွင်မြစ်ရေကို တူးမြောင်းနဲ့ လှိုဏ်ခေါင်း ၆ ခု ဖောက်လုပ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း က ရေရှားပါး တဲ့ဒေသတွေကို လွှဲပြောင်းပေးဖို့တိုက်တွန်းတဲ့အဆိုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်က ကန့်ကွက်တဲ့အတွက် ရှုံးနိမ့်သွားပါတယ်။
သံလွင်မြစ်ဟာ ရှမ်းပြည်ကိုသာမက ပြည်မကိုပါ အကျိုးပြုနေတဲ့ မြစ်တစ်စင်းဖြစ်တာကြောင့် မြစ်ရေ လွဲှပြောင်း ယူမယ့်စီမံကိန်းကို ကန့်ကွက်ကြောင်း ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်က ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။
"သံလွင်မြစ်ဟာ ကျနော်တို့ ရှမ်းပြည်နယ်တစ်ခုတည်းကို အကျိုးပြုပေးနေတာ မဟုတ်ပါဘူး၊ ပြည်မကိုလည်း အများကြီး အကျိုးပြုပေးပါတယ်၊ ဒီမြစ်ကြီးရှင်သန်နေလို့ ရှမ်းရိုးမကရေထွက်တယ်၊ ကင်းတားဆည် ပေါင်းလောင်းမြစ်တို့ ပေါင်းလောင်းဆည်၊ မိုးဗြဲဆည် စသည်တို့လည်း ရှမ်းရိုးမက စီးလာ တဲ့ရေတွေလည်းဖြစ်တယ်၊ ဒါ့အပြင် စစ်တောင်မြစ်ထဲကိုလည်း ဒီရေတွေ အများကြီးစီးသွားတယ်လို့ သိရှိရပါတယ်"
အဲဒီအဆိုနဲ့ပတ်သက်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု၊ ရင်းနှီးမြှပ်နှံမှုကုန်ကျစရိတ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်တာကြောင့်အဆိုကို ဆိုင်းငံ့ထား ဖို့ ဆွေးနွေးခဲ့ပါတယ်။
အဲဒီအဆိုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၇မဲ ၊ ကန့်ကွက်မဲ ၁၁၇ နဲ့ ရှုံးနိမ့်သွားပါတယ်။