ပြည်ခိုင်ဖြိုးပါတီ နှစ်ရက်ကြာ ဗဟိုကော်မတီအစည်းအဝေး ပြီးဆုံး

usdp-press-conference-305.jpg ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်က ပါတီဌာနချုပ်မှ နှစ်ရက်ကြာကျင်းပပြီးနောက် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Win Naung Toe/RFA

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တတိယ အကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ၂ ရက်ကြာကျင်းပခဲ့ပြီး ဒီနေ့ညနေမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေး ကနေ ပြည်ခိုင်ဖြိုးပါတီရဲ့ ရှေ့လုပ်ငန်းစဉ် ၆ ခုကို ချမှတ်နိုင်ခဲ့ကြောင်း ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောပါတယ်။

"ဒီလုပ်ငန်းစဉ် ၆ ရပ်ကတော့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးအတွက် ပါတီဝင်အားလုံးက အစွမ်းကုန်ကြိုးပမ်းအားထုတ်ရေး၊ ပါတီရဲ့မူဝါဒလုပ်ငန်းစဉ်များမှာ ဦးဆောင်မှုကို ပါတီ ဝင်များက အေလေးအနက်လေးစားလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနဲ့ ပါတီ ဦးဆောင်မှု အစဉ်ရှင်သန်ရေး၊ တောင်သူလယ်သမား အလုပ်သမား လူငယ်ဖိုရမ်တွေနဲ့  တောင်သူလယ် သမားရေးရာ လူထုတွေ့ဆုံပွဲတွေက ရှေ့လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက လက်တွေ့အကောင်အထည်ဖော်ရေး၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှ တသော ရွေးကောက်ပွဲဖြစ်စေရန် ပါတီဝင်ထုတစ်ရပ်လုံးက ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတော်နှင့် နိုင်ငံသားတိုင်းရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေး ကို ရှေ့ရှုပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်နိုင်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုတ်မြှင့်တင် အကောင်အထည်ဖော်ရေးဆိုပြီးတော့မှ လုပ်ငန်းစဉ်တစ်ရပ် ကျနော်တို့ထည့်ပါတယ်"

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးကိုသာ အဓိကလိုလားကြောင်း ဦးဌေးဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီနှစ်ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးကို USDP ပါတီကိုယ်စားလှယ် ၂၆၅ ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးနဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။