အစိုးရဖွဲ့လို့ရတဲ့အထိ အနိုင်ရရှိ ဖို့ ပြည်ခိုင်ဖြိုးပါတီ မျှော်လင့်
2015.07.29

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အများစုအနိုင်ရမယ် လို့ မျှော်လင့်မထားပေမယ့် အစိုးရ ဖွဲ့နိုင်လောက်တဲ့ အထိတော့ နိုင်မှာဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဒီနေ့ ကျင်းပတဲ့ ကိုယ်စားလှယ်ခန့်အပ်ပွဲမှာ ပြောပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်း ခန့်အပ်ပွဲအခမ်းအနားအပြီးမှာ ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားခဲ့တာပါ။
"၂၀၁၀ လိုတော့ အဲ့လိုအနိုင်ရလဒ်မျိုး မမျှော်မှန်းပါဘူး၊ အဲ့လိုလည်းမဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ ကျနော်တို့ ထိုက်သင့်တဲ့အချိုးတော့ရမယ်၊ ကျနော်တို့ကိုယ့်ဟာကို ယုံကြည်တာတော့ ကျနော်တို့ရဲ့အနိုင်ရလဒ်နဲ့ပဲ ကျနော်တို့ကတော့ အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ အဲ့လောက်ထိမျှော်မှန်းပါတယ်"
ပြည်ခိုင်ဖြိုးပါတီဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၅ ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒ နယ် ၁၂ ခု၊ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၉၀ နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ စုစုပေါင်း ၁၄၉ နေရာမှာ ရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး တပ်မတော်က ဗိုလ်ချုပ်အဆင့် တချို့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပေမယ့် အမည်စာရင်းကိုတော့ မထုတ်ပြန်နိုင်သေးကြောင်း ဦးမောင်မောင်သိမ်း က ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်လောင်းအားလုံးရဲ့ အမည်စာရင်းကို လာမယ့်သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
ဒီနေ့ ဗဟန်းမြို့နယ်က ပါတီရုံးမှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။