USDP နဲ့ မိတ်ဖက်ပါတီတွေ သတင်းစာရှင်းလင်း


2019.06.05
usdp-press-jun5-622.jpg ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီ ၂၃ ခုက ခေါင်းဆောင်တွေရဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ ဇွန် ၅ ရက်နေ့က နေပြည်တော် ရတနာသိင်္ခဟိုတယ်မှာ ကျင်းပစဉ်
Photo: Win Ko Ko Latt/ RFA

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်အင်အား သန်းနဲ့ချီရှိပြီး ပါတီစည်းမျဉ်းစည်းကမ်း မချိုးဖောက်ရင် အမျိုးသားရေး လှုပ်ရှားမှုတွေ အပါအဝင် သူတို့ ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်နိုင်ကြောင်း၊ အဲဒါဟာ ပါတီရဲ့ မူဝါဒ လမ်းညွှန်ချက် မဟုတ်ကြောင်း USDP ပါတီက ပြောလိုက်ပါတယ်။

နေပြည်တော် ရတနာသိင်္ခဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီ ၂၃ ခုက ခေါင်းဆောင်တွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆရာတော် ဦးဝီရသူ ကို ဖမ်းဝရမ်းထုတ်ထားတဲ့ ကိစ္စအပါအဝင် အဲဒီအပေါ် အကြောင်းပြုပြီး ရန်ကုန်နဲ့ မန္တလေးမြို့ မှာ အမျိုးသားရေးလှုပ်ရှားသူတွေက တောင်းဆိုတာတွေမှာ USDP ပါတီဝင်တွေ ပါဝင်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ USDP ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ ဦးဝီရသူကို ဖမ်းဝရမ်း ထုတ်ထားတဲ့အပေါ် USDP ပါတီရဲ့ သဘောထားကို မေးမြန်းရာမှာတော့ အဲဒီအပေါ် တိုက်ရိုက်ဖြေကြားခြင်း မရှိပါဘူး။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံခွင့်ရဖို့ USDP ပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီ ၂၃ ခုတို့က အိတ်ဖွင့်ပေးစာပေးပို့ထားတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ရှင်းလင်းသူတွေက ပြောပါတယ်။

မေလ ၃၀ ရက်နေ့ ရက်စွဲနဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို စာပေးပို့ထားပေမယ့် အကြောင်းပြန်ကြားတာမရှိဘူးလို့ သိရပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာထဲမှာ လက်ရှိတိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ နိုင်ငံတကာမှာ တပ်မတော်နဲ့ အစိုးရတို့ အစွပ်စွဲခံနေရတဲ့ကိစ္စ၊ တရားဥပဒေ စိုးမိုးရေး စတဲ့ ကိစ္စတွေမှာ အဖက်ဖက်က ယိုယွင်းကျဆင်းနေတယ်လို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ နိုင်ငံရေး ပါတီတွေ စုပေါင်းပြီး သမ္မတထံ အကြံပြုချက်ပေးပို့တာဟာ တမင်သက်သက် အစိုးရကို ကန့်လန့်တိုက်တာ၊ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်တာမဟုတ်ဘူးလို့ USDP ပါတီ က ပြောပါတယ်။

သမ္မတ ကို အိတ်ဖွင့်ပေးစာပေးပို့တဲ့ နိုင်ငံရေး ပါတီတွေကတော့ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ ၊ ၀ ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီတွေ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုသီဟထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။