USDP ပါတီ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးနေရာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတွေ ဖြစ်လာ

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့အထွေထွေအတွင်းရေးမှူးနေရာမှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးသောင်းအေး ဖြစ်လာတယ်လို့ ပါတီသတင်းရင်းမြစ် တစ်ခုက RFA ကို ပြောပါတယ်။
"ဦးသောင်းအေးက အထွေထွေ အတွင်းရေးမှူးပါ။ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ပဲ။ သူက နိုင်ငံတကာရေးရာဌာန၊ ဌာနကြီးမှူးပေါ့။ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဒုတိယ ဥက္ကဋ္ဌ - ၃။ ကျန်တာက အထွေအထူး မရှိပါဘူး။ ဒီတိုင်းပါပဲ"
အောက်တိုဘာလဆန်းပိုင်းက ပါတီညီလာခံကျင်းပပြီး ဗဟိုအလုပ်မှုဆောင်အဖွဲ့ကနေ တစ်ဆင့် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေ ရွေးချယ်နိုင်ခဲ့ပေမယ့် အထွေထွေအတွင်းရေးမှူး ကိုတော့ အခုမှ ရွေးချယ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဦးသောင်းအေးဟာ စစ်တက္ကသိုလ် အပတ်စဉ် (၂၀) က ဖြစ်သလို ၁၉၇၄ ခုနှစ်မှာ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နဲ့ ၁၉၇၅ ခုနှစ်မှာ စစ်တက္ကသိုလ်တို့ကို တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့နဲ့ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) တို့ကို ရရှိခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ အနားယူခဲ့တာပါ။
NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပျော်ဘွယ် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ အဲဒီနေရာမှာပဲ ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီလိုရှုံးနိမ့်ရတာဟာ NLD ပါတီဘက်က မဲမသမာမှုကြောင့်လို့ စွပ်စွဲခဲ့ပြီး သူ့မဲဆန္ဒနယ် ထဲက မဲစာရင်းတွေကို စစ်တပ်ကို ခေါ်ယူစစ်ဆေးခိုင်းခဲ့သလို သူရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာကနေ “အဓမ္မ အားကြီးလာရင် ပိုကြီးတာနဲ့ နှိမ်နင်းရမယ်”လို့ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။
ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ - ၃ ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၂၈) က ဖြစ်ပြီး ရန်ကုန်တိုင်းမှူး၊ ကစထမှူးနဲ့ စစ်ရေးချုပ် တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူရင်းလည်း ဖြစ်ပါတယ်။
ပါတီရဲ့ ဗဟိုကော်မတီဝင် ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးကတော့ စစ်တက္ကသိုလ် အပတ်စဉ် (၂၆) ကဖြစ်ပြီး တပ်မ (၃၃) တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကစထမှူး တာဝန်တွေအပြင် ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရ လက်ထက်မှာ ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ USDP ပါတီကို ရဲချုပ်ဟောင်း ဦးခင်ရီက ပြန်လည်ဦးဆောင်ခဲ့ပြီးနောက် ဗဟိုကော်မတီမှာ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေသာ ပိုလွှမ်းမိုးနေပြီး အရပ်သားတွေ နေရာသိပ်မရတော့တာ တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။