စစ်ကောင်စီ ဘာသာရေးလွတ်လပ်ခွင့် ဆက်ချိုးဖောက်နေကြောင်း USCIRF ပြော
မြန်မာနိုင်ငံအရေးကို အမေရိကန် နိုင်ငံခြားရေးမူဝါဒထဲမှာ ဦးစားပေးအဖြစ် ထည့်သွင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးပွဲတက်ရောက်သူတွေက တောင်းဆိုခဲ့ကြပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025-02-27 -
-
-
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း ထီးကပလယ်ကျေးရွာရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က လေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသည့် မြင်ကွင်း။
Photo: KNDO
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) က ပြုလုပ်တဲ့ မြန်မာ့အရေး အွန်လိုင်းဆွေးနွေးပွဲမှာ၊ USCIRF ရဲ့ ကော်မရှင်နာမင်းကြီး (Asif Mahmood) အဆစ် မာဟ်မတ်နဲ့အတူ အမည်မဖော်လိုသူ ကချင်ဘာသာရေးခေါင်းဆောင်တစ်ဦး၊ ရိုဟင်ဂျာအမျိုးသမီးတက်ကြွလှုပ်ရှားသူ (Yasmin Ullah) ရာစမင် အူလာ၊ ချင်း လူ့အခွင့်အရေး အဖွဲ့ CHRO ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဆလိုင်း ဇာအုပ်လိန်းနဲ့ ရိုဟင်ဂျာအရေး သုတေသီ (Jessica Olney) ဂျက်ဆီကာ အိုလ်နေ တို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ အခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ရိုဟင်ဂျာအမျိုးသမီးတက်ကြွလှုပ်ရှားသူ ရာစမင် အူလာက အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတွေရဲ့ အကျပ်အတည်းဟာ ဒီနေ့အချိန်အထိ မပြီးဆုံးနိုင်သေးဘဲ ရိုဟင်ဂျာလူဦးရေရဲ့ ၉၀ရာခိုင်နှုန်းဟာ မြန်မာ ဘင်္ဂလားဒေ့ရှ်နဲ့ အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်ကြရတဲ့အကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA)တို့အကြား တိုက်ပွဲတွေ ကြားမှာ ထိခိုက်ခံစားနေရပြီး၊ ရိုဟင်ဂျာလူငယ်တွေကို နှစ်ဖက်လုံးကနေ အတင်းအကျပ် လူသစ်စုဆောင်းတာ ခံနေရတဲ့အကြောင်း၊ ရိုဟင်ဂျာအကျပ်အတည်း အချိန်ကြာလာတာနဲ့အမျှ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင်အများစု နိုင်ငံတွေမှာတောင် ရိုဟင်ဂျာတွေအပေါ် မုန်းတီးမှုတွေ တိုးပွားလာတာ တွေ့ရတယ်လို့လည်း ပြောသွားပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေအတွက် ပေးအပ်တဲ့ အကူအညီအားလုံးရဲ့ ၅၅ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံက ပေးခဲ့တာဖြစ်ကြောင်း ရိုဟင်ဂျာအမျိုးသမီး တက်ကြွလှုပ်ရှားသူ ရာစမင် အူလာက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက မြန်မာစစ်တပ်ဟာ ခရစ်ယာန် ဘာသာဝင်တွေနဲ့ ခရစ်ယာန်အများစုရှိတဲ့ ဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်နေတဲ့အကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့ CHRO ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဆလိုင်း ဇာ အုပ်လိန်းက ပြောသွားပါတယ်။
စစ်ကောင်စီရဲ့လုပ်ရပ်တွေထဲမှာ ခရစ်ယာန်ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာ၊ ခရစ်ယာန်ဘာသာဝင်တွေကို တရားလက်လွတ်သတ်ဖြတ်တာ၊ ဘုန်းတော်ကြီးတွေကို အစဖျောက် ရှင်းလင်းပစ်တာနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးတာအပြင် လွတ်လပ်စွာစုဝေးခွင့်နဲ့ ဝတ်ပြုခွင့်တွေကိုလည်း တင်းတင်းကျပ်ကျပ် ကန့်သတ်နေတဲ့အကြောင်း သူက ပြောသွားပါတယ်။
စစ်ကောင်စီက ဘာသာရေးလွတ်လပ်ခွင့် ဆက်လက်ချိုးဖောက်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ စားနပ်ရိက္ခာဖြတ်တောက်မှုနဲ့ မလုံခြုံမှုတွေကြောင့် ပင်လယ်ပြင်ကို ဖြတ်ပြီး အခြားနိုင်ငံတွေကို ထွက်ပြေးနေကြတဲ့ အခြေအနေတွေအကြောင်း၊ ရိုဟင်ဂျာမိန်းကလေးနဲ့ အမျိုးသမီးတွေကို လူကုန်ကူးမှုတွေ တိုးပွားနေတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးနိုင်ဖို့ အလားအလာတွေကို ရိုဟင်ဂျာ တွေအကြောင်း သုတေသီ ဂျက်စီကာ အိုလ်နေက ပြောသွားပါတယ်။
ဆက်နွှယ်သောသတင်းများ
အမေရိကန်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာဆက်ပါနေ
ဘာသာရေးအဆောက်အဦးတွေကို စစ်ရေးအတွက် အသုံးမပြုစေလိုကြောင်း ချင်းခရစ်ယာန်အမှုဆောင်တွေပြော
ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးရတဲ့ ဘာသာရေး အဆောက်အအုံ ရှစ်ရာနီးပါးရှိလာ
ဒီဆွေးနွေးပွဲမှာ USCIRF ကော်မရှင်နာမင်းကြီး အဆစ် မာဟ်မတ်က မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် အကြံပြုလိုတဲ့အကြောင်းအရာတွေကို မေးမြန်းရာမှာ၊ အမေရိကန်အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေ၊ လူနည်းစုတွေကို ဆက်လက်ပြီး အားပေးထောက်ခံဖို့၊ မြန်မာနိုင်ငံအရေးကို အမေရိကန် နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒထဲမှာ ဦးစားပေးအဖြစ် ထည့်သွင်းဆောင်ရွက်ဖို့ ပါဝင်ဆွေးနွေးသူတွေက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တော်လှန်ရေးအင်အားစုတွေအပြင် ဒေသအသီးသီးမှာ အုပ်ချုပ်ရေးတည်ထောင်ထားနိုင်တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့၊ အမေရိကန်အစိုးရရဲ့ဒုက္ခသည်ခေါ်ယူရေးအစီအစဉ် ရပ်ဆိုင်းထားတာ ပြန်လည်ခေါ်ယူဖို့နဲ့ မြန်မာပြည်သူတွေအတွက် အကူအညီတွေ ဆက်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။