မြန်မာခေါင်းဆောင်တွေအပေါ် ဗီဇာပိတ်ပင်မှု အမေရိကန် ရုပ်သိမ်းလိုက်ပြီ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်နေသူတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာကို မေလ၂ရက်နေ့ကစပြီး ရုပ်သိမ်း လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်နေသူတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာကို မေလ၂ရက်နေ့ကစပြီး ရုပ်သိမ်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ဖိနှိပ်ချုပ်ချယ်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် မြန်မာနိုင်ငံအစိုးရကို အမေရိကန်အစိုးရက ၁၉၉၆ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ဥပဒေအရ  မြန်မာနိုင်ငံဒီမိုကရေစီ ပြောင်းလဲရေးကို၊ ဆန့်ကျင်နှောင့်ယှက်တဲ့ မူဝါဒချမှတ် လုပ်ဆောင်သူတွေနဲ့ အဲဒီလိုပြုမူဆောင်ရွက်မှုတွေကြောင့် အကျိုးခံစားခွင့်ရရှိသူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေကို  အမေရိကန်နိုင်ငံ ဝင်ရောက်ခွင့် ဗီဇာပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရဟာ ၂ဝ၁၁ ခုနှစ်ကစပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေးနယ်ပယ်တွေမှာ သိသာထင်ရှားပြီး အရေးကြီးတဲ့ပြုပြင်မှုတွေ ဆောင်ရွက်ခဲ့တာကြောင့် အခုလိုပိတ်ပင်မှုကို ဆက်လက်ထားရှိဖို့ မလိုတော့ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီလိုအရင်က ပြည်ဝင်ခွင့် ပိတ်ပင်ထားသူ အများအပြားဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ အခုပါဝင်ဆောင်ရွက်နေကြပြီလို့လည်းဆိုပါတယ်။ မနှစ်ကကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတလွတ်လပ်မှုကြောင့် NLD ပါတီ ကိုယ်စားလှယ်တွေ အနိုင်ရပြီး လွှတ်တော်အတွင်း ဝင်ရောက်နိုင်ခဲ့တာကိုလည်း ထင်ရှားတဲ့ပြောင်းလဲတိုးတက်မှု တစ်ခုဖြစ်တယ်လို့ အမေရိကန်အစိုးရက ထောက်ပြပြောဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ အခုလိုဗီဇာပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တာဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက ကတိကဝတ်ပြုခဲ့တဲ့အတိုင်း နောက်ထပ်တိုးတက်ဆောင်ရွက်ဖို့ အားပေးတိုက်တွန်းလိုတဲ့ အမေရိကန်အစိုးရရဲ့ ရည်မှန်းချက်နဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စိန်ခေါ်မူတွေတော့ အများကြီးရှိနေသေးကြောင်း အဓိကအားဖြင် တိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးကိစ္စတွေပြီးပြတ်ရန်၊ ရခိုင်ပြည်နယ်မှာဖြစ်ပါွးတဲ့ အဓိကရုဏ်းမျိုးတွေ ထပ်မံမဖြစ်ပွားအောင်ဆောင်ရွက်ရန်၊ ကျန်ရှိနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရန်၊ ပြီးတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်သွယ်မူအားလုံးကို ရပ်ဆိုင်းရန် စတဲ့အချက်တွေဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက အမည်မဖေါ်ပဲပြောဆိုပါတယ်။

တပြိုင်နက်မှာပဲ အခုလိုဗီဇာပိတ်ပင်တဲ့ ဥပဒေကို ရုတ်သိမ်းလိုက်ပေမယ့် မြန်မာနိုင်ငံအပေါ်၁၉၉၇ ခုနှစ်ကပြဌာန်းခဲ့တဲ့ အရေးပေါ်စီးပွားရေးဆိုင်ရာအရေးယူမှု အက်ဥပဒေကိုတော့ နောက်ထပ်တစ်နှစ် ဆက်လက်ထားရှိကြောင်းလည်း နိုင်ငံခြားရေးဌာနအရာရှိကပြောပါတယ်။ အဲဒီဥပဒေအရ အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ဖိနှိပ်ခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့သူအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ထားသူတွေနဲ့ စီးပွားရေးအရ ဆက်သွယ်လုပ်ကိုင်ခွင့်မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org