ကချင်ပြည်နယ်အရေး စိုးရိမ်ပူပန်ကြောင်း အမေရိကန်သံအမတ်ကြီးပြောကြား
2012.12.18

အမေရိကန် သံအမတ်ကြီးက ကချင်ပြည်နယ်ထဲမှာ သွေးထွက်သံယိုပြဿနာတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အတွက် ကျနော်တို့စိုးရိမ်ပါတယ်။
ဒါ့အပြင် အထူးသဖြင့် စစ်ဘေးကြောင့်နေရပ်ကို စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် ပူပန်မိပါတယ်။
အစိုးရထိန်းချုပ်ထားတဲ့ ဒေသတွေမှာရော အစိုးရထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ဒေသတွေမှာပါ ရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ဖု့ိ ကျနော်တို့ စိတ်ဝင်စားပါတယ်။
တနည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အပြုသဘောအားဖြင့် ကျနော်တို့ပါဝင် ကူညီနိုင်မယ့်နည်းလမ်းကိုရှာမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ အကျိုးစီးပွါးဖြစ်ယုံမျှမက ဒေသတခုလုံးရဲ့ တည်ငြိမ်ရေးကိုပါ အကျိုးဖြစ်ထွန်းစေမယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒီလိုပါဝင်ကူညီခြင်းဟာ ကျနော်တို့ အတွက် ဒီတိုင်းပြည်နဲ့ ဆက်ဆံရေးမှာ ယုံကြည်မှု တည်ဆောက်တာလည်း ဖြစ်ပါတယ်လို့ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်က RFA ကို ပြောကြားခဲ့ပါတယ်။
အတူလိုက်ပါလာတဲ့ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာအတိုင်ပင်ခံ မစ္စတာ ပက်ထရစ် မာဖီကလည်း
" ဒုက္ခသည်စခန်းအားလုံးကို ကျနော်တို့ရောက်အောင် မသွားနိုင်ပါဖူး။ ဒါပေမယ့် သူတို့ရဲ့ ဒုက္ခတွေကို မြင်ရကြားခဲ့ရပါပြီ။ အခြေခံအားဖြင့် ပြောရရင်တော့ လူတိုင်းက အိမ်ပြန်ချင်နေကြပါတယ်။ ဒါကြောင့် ဒီဒေသမှာ ငြိမ်းချမ်းရေးရဖို့ လိုပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ ကုလနဲ့ နိုင်ငံတကာ အဖွဲ့တွေကတစ်ဆင့် ဆက်လက်ကူညီပံ့ပိုးမှာပါ။ ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကျနော်တို့မေ့သွားမှာ မဟုတ်ပါဘူး။ ဒီအတွက် ကျနော် ဝါရှင်တန်ဒီစီမြို့တော်ကနေ ဒီဒေသကို တကူးတက ရောက်အောင်လာခဲ့တာဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။"
နှစ်ရက်ကြာမြင့်တဲ့ အမေရိကန်သံတမန်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ရိုမန်ကက်သလစ်နဲ့ ကချင်နှစ်ချင်းအသင်းတော် ဘုရားကျောင်းတွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း၊ ဝိုင်းမော် သာဂရ သရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းနဲ့ မြစ်ကြီးနားမြို့က Hope Center အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် စောင့်ရှောက် ကုသရေးဋ္ဌာတို့ကို သွားရောက်ခဲ့ပြီး မြစ်ကြီးနားအခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။