နိုင်ငံရေးမူဘောင်ရေးဆွဲရေး လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေပါ ဖိတ်ကြားဖို့ စီစဉ်


2015.11.24
updjc-nov-24-620.jpg ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှာ ဆွေးနွေးကြစဉ်
Photo: Aung Thain Kha/ RFA

အစိုးရနဲ့တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ဖိတ်ကြားမှာဖြစ် တယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ဒီနေ့မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာကျင်းပတဲ့ မူဘောင်ရေးဆွဲရေးကော်မတီ ဖွဲ့စည်းမှုအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်း ပွဲမှာ ဦးခွန်မြင့်ထွန်းက ပြောတာဖြစ် ပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ငြိမ်းချမ်းဆွေးနွေးရေးကော်မတီကို ဖွဲ့စည်းပြီး ပါဝင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်၊ ဒီကနေ မူဘောင်ကိုရေးဆွဲမယ်၊ ရေးဆွဲပြီးရင် ပြန်ပြီးတော့ မှ သတ်မှတ်ရက်တွေမှာ အတည်ပြုပြီးတော့ဆက်လက် ပြီးတော့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ တဆက်တည်းပြောချင်တာကတော့ လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုလည်း နိုင်ငံရေးဆွေးနွေးရေး ဆိုင်ရာမူဘောင်ရေးဆွဲတဲ့အခါမှာ လေ့လာသူအဆင့်လောက်မဟုတ်ဘဲနဲ့ အထူးဖိတ်ကြားသူတွေအနေနဲ့ တက်ရောက်နိုင်ဖို့ ကျနော်တို့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲ မှာ ဆွေးနွေးထားခဲ့တာရှိပါတယ်"

နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဒီနေ့ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးကော်မတီဝင်တွေက စတင်ရေးဆွဲမှာဖြစ်ပြီး အဲဒီအစည်းအဝေးကို မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပမှာဖြစ်ပါတယ်။

မူဘောင်ရေးဆွဲရေးကော်မတီကနေ နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက်ခွင့်ရမယ့် ကိုယ်စားလှယ် အရေ အတွက်၊ ဆွေးနွေးမယ့်ခေါင်းစဉ်တွေ၊ ဆွေးနွေးပွဲမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆွေးနွေးပွဲကနေ ဘယ်လိုစည်းကမ်းချက် တွေနဲ့ ဆုံးဖြတ်ချက်ချမလဲဆိုတာတွေကို ရေးဆွဲသတ်မှတ်ပေးမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်းနိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်ရမှာ ဖြစ်သလို ရက်ပေါင်း ၉၀ အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ရမှာဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ဟာပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။