ကွယ်လွန်ခါနီး ဘဝကူးကောင်းရေး ကူညီဖို့ လန်ဒန်ဆရာတော်ထံက နာရေးကူညီမှုအသင်း အကြံဉာဏ်ယူ
2014.06.28

ကွယ်လွန်ခါနီး လူနာများအတွက် ဗုဒ္ဓဘာသာထုံးစံ သရနဂုံတင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးဖို့ နာရေးကူညီမှုအသင်းအနေနဲ့ စနစ်တကျဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ နာရေးကူညီမူအသင်း ရန်ကုန်က RFA ကိုပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက နာရေးကူညီမူအသင်းရန်ကုန်မှာ လန်ဒန်ဆရာတော် ဦးဥတ္တရက ဗြိတိန်နိုင်ငံ ဆေးရုံတွေ မှာ ဗုဒ္ဓဘာသာဝင်လူနာများကို ဆရာတော် တာဝန် ယူဆောင်ရွက်ပေးလျှက်ရှိတဲ့ လုပ်ငန်းစဉ်များအကြောင်း ကို ဟောပြောခဲ့တာဖြစ်ပါတယ်။ ဦးဥတ္တရဟောပြော ချက်များနဲ့ ပတ်သက်ပြီး နာရေးကူညီမူအသင်း ရန်ကုန် ဥက္ကဌ ဦးကျော်သူက ခုလိုပြောပါတယ်။
"ဆရာတော်က အခုလို သင်တန်းသဘောမျိုး တရားပွဲလုပ်လိုက်တော့ နည်းစနစ်တွေကအစ ကျနော်တို့က နည်းစနစ်မရှိပဲနဲ့ လုပ်ပေးနေရတာ၊ ဆရာတော်က ပြည်ပနိုင်ငံရဲ့ နည်းစနစ်အတိုင်း စနစ်တကျလုပ်ဆောင်တာဖြစ်တဲ့အတွက် ကျနော်လည်း တော်တော်လေးစိတ်ဝင်စားတယ်၊ အဲဒီသင်တန်းတွေ ကျနော်တို့တက်ပြီးတော့ အဲဒါကို စိတ်ပိုသန်သွားတယ်၊ အဲဒါ စနစ်တကျလုပ်ဖို့တော့ ကျနော်တို့စီစဉ်နေတယ်"
နာရေးကူညီမှုအသင်း ရန်ကုန်အနေနဲ့ ကွယ်လွန်သူတွေကို အခမဲ့သဂြိုလ်တဲ့လုပ်ငန်းကို ဆောင်ရွက်ပေးနေသလို ကာယကံရှင်တွေရဲ့ဆန္ဒအရ မေတ္တာရပ်ခံခဲ့ရင် လူနာမကွယ်လွန်ခင် သံဃာတော်ပင့်ပြီး တွေ့ဆုံပေးခြင်း တရားဟောစေခြင်းတွေ လုပ်ပေးလျှက်ရှိပါတယ်။
ဒီကနေ့ မနက်က လန်ဒန်ဆရာတော် ဦးဥတ္တရက နာရေးကူညီမူအသင်းမှာ ဗုဒ္ဓတရားတော်ဖြင့် စိတ်စွမ်းအင်မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် တရားဟောခဲ့တာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ ပရဟိတ အသင်းတော်တော်များများ တက်ရောက်သလို စိတ်ပါဝင်စားသူ စုစုပေါင်း ၂၀၀ခန့် တက်ရောက်ခဲ့ပါတယ်။
လန်ဒန်ဆရာတော်ဥတ္တရကို ဦးတင်အောင်ခိုင် ဆက်သွယ်လျောက်ထားမေးမြန်းထားပါတယ်။