Unit of Europe Aid အဖွဲ့ မြန်မာစာရေးဆရာ၊ ကဗျာဆရာများသမဂ္ဂနဲ့ တွေ့ဆုံ
Unit of Europe Aid အဖွဲ့ဟာ မြန်မာစာရေးဆရာ၊ ကဗျာဆရာများသမဂ္ဂနဲ့ မနေ့ကတွေ့ဆုံပြီး စာနယ်ဇင်းလောကနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
-
2012-09-22 -
-
-
စာရေးဆရာ၊ ကဗျာဆရာများသမဂ္ဂဘက်က ဆောင်ရွက် ချင်တာတွေနဲ့ ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေကို တင်ပြခဲ့သလို Unit of Europe Aid ဘက်ကလည်း သမဂ္ဂဘက်က ဆောင်ရွက်သင့်တာတွေကို အကြံပေး သွားတယ်လို့ စာရေးဆရာ၊ ကဗျာဆရာများသမဂ္ဂရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးငြိမ်းသစ်က RFA ကို ပြောပါတယ်။
"စာရေးဆရာများသမဂ္ဂရယ်၊ ကဗျာဆရာများ သမဂ္ဂရယ် နှစ်ခုပေါင်းပြီးတော့ Myanmar Poet and Writer ဆိုပြီးတော့ NGO ဖွဲ့သင့်တယ်။ ဖွဲ့ပြီးတော့ ကိုယ်ပိုင် ပုံနှိပ်တိုက်တွေကို ထူထောင်ပြီးတော့ ရိုက်နှိပ်သင့်တယ်လို့ ပြောတယ်။ နောက်ပြီးတော့ ကျွန်တော်တို့က နိုင်ငံတကာ band, club တွေနဲ့လည်း အဆက်အသွယ် ရသင့်တယ်။ ဒါမှသာလျှင် မြန်မာနိုင်ငံ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာကလည်း သူတို့နည်း သူတို့ဟန်နဲ့ တတ်နိုင်သမျှ ပံပိုးကူညီသွားမှာ ဖြစ်တယ်ပေါ့လေ။ အဲတာမျိုးတွေ ရှင်းပြတယ်"
Unit of Europe Aid အဖွဲ့နဲ့တွေ့ဆုံတဲ့အထဲမှာ သမဂ္ဂဘက်က စာရေးဆရာ ကိုယ်စားလှယ်တွေအဖြစ် မောင်လွင်မွန်(ကသာ)၊ ငြိမ်းသစ်၊ ဇော်ဝင်းကိုနဲ့ ထွန်းဝင်းငြိမ်း တို့ပါဝင်ပြီး ကဗျာဆရာ ကိုယ်စားလှယ်တွေအဖြစ် မောင်လင်းရိပ်၊ မင်းထက်မောင်၊ ကွန်စစ်ကောင်းတို့ ပါဝင်တယ်လို့ ဦးငြိမ်းသစ်က ပြောပါတယ်။
မနက်ဖြန်မှာလည်း ပြည်သူ့လွှတ်တော်ရဲ့ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ သူရ ဦးအေးမြင့်နဲ့အဖွဲ့က မြန်မာစာရေးဆရာ၊ ကဗျာဆရာများသမဂ္ဂ အပါအဝင် တခြား စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းတွေ၊ စာပေနယ်က ပညာရှင်တွေ မီဒီယာသမားတွေကို ဖိတ်ကြားပြီး စာနယ်ဇင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။