တက္ကသိုလ်များ ဗဟိုကောင်စီဖွဲ့ရေး မူကြမ်း တက္ကသိုလ် ဆရာများ လက်မခံ
2013.12.31
တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရာမှာ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ပါမောက္ခတွေနဲ့သာ အဓိက ဦးဆောင်ဖွဲ့စည်းဖို့ ရေးဆွဲထားတဲ့ ပညာရေး ဥပဒေ မူကြမ်းကို တက္ကသိုလ် ဆရာများ အသင်းနဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ကြပါတယ်။
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီနေ့ ကျင်းပတဲ့ ပညာရေးမြှင့်တင်မှုဆိုင်ရာ ဒေသန္တရ အလုပ်ရုံဆွေးနွေးပွဲမှာ ပညာရေးဝန်ကြီးဌာန ပညာရေး အဆင့်မြှင့်တင်ရေး ကော်မတီက ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်ကို တင်သွင်းဖို့အတွက် ချပြဆွေးနွေးပွဲမှာ ကန့်ကွက်လိုက်ကြတာ ဖြစ်ပါတယ်။
အဲဒီအခမ်းအနားကို တက်ရောက်ဆွေးနွေးခဲ့တဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုစည်သူမောင်က ဒီဥပဒေမူကြမ်းမှာပါဝင်တဲ့ တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းတာကို ကန့်ကွက်ရတာနဲ့ ပတ်သက်ပြီး အာအက်ဖ်အေကို ခုလို ပြောပါတယ်။
" တက္ကသိုလ်များ ဗဟိုကောင်စီဆိုတာကို ပြဌာန်းဖို့ကြိုးစားတဲ့အခါမှာ ကျွန်တော်တို့ နားလည်တာကတော့ တက္ကသိုလ် ဥပဒေဆိုတာအရင်ဆုံး ရှိပြီးတော့မှ အဲ့ဒီ တက္ကသိုလ် ဥပဒေရဲ့ အခန်းတစ်ခန်းမှာမှ တက္ကသိုလ် ကောင်စီဖွဲ့စည်းပုံဆိုတာ ရှိရမှာ အခုဟာက တက္ကသိုလ်လိုက် တက္ကသိုလ်လိုက်မှာလည်း ကောင်စီစီးနိတ်မရှိဘူး၊ စီးနိတ်လို့ခေါ်တဲ့ အကဲဒမစ်မက်တာပိုင်းကို ကိုင်တဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်း မရှိဘူး၊ မရှိပဲနဲ့ ပါမောက္ခချုပ်တွေကနေ ၇၅ ရာခိုင်နှုန်းပါဝင်ပြီးတော့ တခြားပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ မပါတဲ့ ဒီဖွဲ့စည်းပုံကိုကျတော့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ထားတာ ရှိပါတယ်ခင်ဗျ ဒီအစည်းအဝေးမှာရော"
ဒီဥပဒေမူကြမ်းမှာပါဝင်တဲ့ တက္ကသိုလ်များ ဗဟိုကောင်စီ ဥပဒေမူကြမ်းကို အတည်ပြုဖို့လုပ်မယ်ဆိုရင် အရင်ဆုံးအနေနဲ့ တက္ကသိုလ်အက်ဥပဒေ ပေါ်ပေါက်ဖို့ လိုနေသေးတယ်လို့ တက္ကသိုလ် ဆရာများ အသင်းက ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။
" တက္ကသိုလ် အက်ဥပဒေမရှိသေးပဲနဲ့ ဥပဒေပါအကြောင်းအရာဖြစ်တဲ့ ဗဟိုကောင်စီမူကြမ်းဆိုတာ ဆွေးနွေးတော့ ဖြစ်စဉ်ပြောင်းပြန်ဖြစ်နေတဲ့သဘောကို ကျွန်တော်တို့ ပြောပါတယ်၊ သေသေချာချာလေး အားလုံး ဆွေးနွေးပြီးမှ ပေါ်ပေါက်လာဖို့ လိုပါတယ်၊ အဲ့ဒီကနေ တစ်ဆင့်မှ ကျွန်တော်တို့ တခြား ကဏ္ဍလေးတွေပေါ့နော်၊ အခုက ချက်ခြင်းကြီးလုပ်နေတဲ့ သဘောတော့ ရှိပါတယ်"
တက္ကသိုလ်များ ဗဟိုကောင်စီဖွဲ့စည်းရာမှာ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ကျောင်းသား၊ ဆရာ အစရှိသဖြင့် ကိုယ်စားလှယ်တွေ ထည့်သွင်းရမှာဖြစ်ပြီး တက္ကသိုလ် ပါမောက္ခတွေနဲ့သာ ဦးဆောင်ဖွဲ့စည်းထားတဲ့ လက်ရှိဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်ရေးသားဖို့ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ဒီဥပဒေမူကြမ်းကို ပညာရေးဝန်ကြီးဌာနက လာမယ့်လွှတ်တော်မှာ တင်သွင်းသွားမယ်လို့လည်း သိရပါတယ်။