နိုင်ငံရေးဘုံသဘောထားရဖို့ UNFC နဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေ ဆွေးနွေး
2014.08.29

ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေ အပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို သုံးသပ်ပြီး ဘုံသဘောတူညီမှုတစ်ခုရရှိဖို့ ပြည်တွင်း က နိုင်ငံရေးအင်အားစုတွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေပါဝင်တဲ့ UNFC အပါအဝင် ပြည်ပကအင်အားစုတွေဟာ ဒီနေ့ ညနေပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ဆွေးနွေး ကြနေပါတယ်။
အစည်းအဝေးကို တက်ရောက်လာတဲ့ ရှစ်လေးလုံး ငွေ ရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ကော်မတီ က ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက RFA ကို ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
"တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာ ပြည်တွင်းမှာက တမျိုးဆိုတော့ အဲဒီအခြေအနေမျိုးကြီး ဖြစ်နေတာကနေ ဒီနေ့ နိုင်ငံရဲ့အပြောင်းအလဲမှာ တစ်စုအဖွဲ့ချင်း၊ တစ်နေရာချင်း သီးခြားဆီလုပ်နေလို့ မရတော့ဘူး၊ ဒီအရွှေ့မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိမယ့် ညှိနှိုင်းဆောင်ရွက်မှုမျိုးနဲ့သွားမှ အားလုံးလိုချင်တဲ့ ပန်းတိုင်ကိုရောက်မယ်လို့ ကျနော်တို့ယုံကြတယ်၊ ဒါကြောင့် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေအနေနဲ့ လက်ရှိလက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရော၊ အပစ်ရပ်ထားတဲ့အဖွဲ့တွေရော၊ နောက်နိုင်ငံရေးပါတီတွေရော အားလုံးကြားထဲမှာ အခုလို တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းပေါ့နော်၊ အဲဒါကို ထိထိရောက်ရောက်အသုံးချပြီးတော့ ကျနော်တို့အားလုံးကြားမှာ နားလည်ညှိနှိုင်းထားတဲ့ ရပ်တည်ချက်တစ်ခုခုထွက်လာနိုင်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်"
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင် ကလည်း ဒီတွေ့ဆုံဆွေးနွေးပွဲဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်တယ် လို့ ပြောပါတယ်။
"တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲဖို့၊ ဘုံသဘောတူညီတဲ့ မူဘောင်တွေ ကို ဆွေးနွေးနေတဲ့ကာလ ဒီကာလမျိုးမှာ ပြည်တွင် ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ အခြားလူမှုအဖွဲ့အစည်းတွေပါတဲ့ အစည်းအဝေးဟာ ဒီအစည်းအဝေးရဲ့ သဘောတူဆုံးဖြတ်မယ့်ကိစ္စ၊ အဲဒီကနေ ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ့်ကိစ္စများသည် မြန်မာ့နိုင်ငံရေးမှာ အတိုင်းအတာတစ်ခုအထိ အရေးကြီးမယ်၊ အကျိုးလည်းသက်ရောက်မှုရှိမယ်လို့ ထင်ပါတယ်"
ဒါကတော့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင် ပြောသွားတာပဲ ဖြစ်ပါတယ်။
ဒီကနေ့စတင်လိုက်တဲ့ တွေ့ဆုံပွဲမှာ တက်ရောက်လာကြတဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အမြင်သဘောထားတွေကို တင်ပြသုံးသပ်ခဲ့ကြပြီး အစည်းအဝေးကို မနက်ဖြန် သြဂုတ်လ ၃၀ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်တယ်လို့ သိရပါ တယ်။
ဒီအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် အကောင်အထည်ဖေါ်ရေး ကော်မတီ၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်၊ အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံနဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ခေါင်းဆောင်ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ဆွေးနွေးနေကြပါတယ်။